မူးယစ်ဆေးဝါးများ မလေးရှားနိုင်ငံသို့ ပို့ဆောင်ခဲ့ သည်ဆိုသူများကို အနောက်ပိုင်းခရိုင်တရားရုံးတွင် တရားစွဲဆို

မူးယစ်ဆေးဝါးများ မလေးရှားနိုင်ငံသို့ ပို့ဆောင်ခဲ့ သည်ဆိုသူများကို အနောက်ပိုင်းခရိုင်တရားရုံးတွင် တရားစွဲဆို

မလေးရှားနိုင်ငံသို့ ကန်ဒေါ်လာ ၁၈ သန်း (ရင်းဂစ် ၇၁ သန်း) ခန့်ရှိ မူးယစ်ဆေးဝါးများ လဖက်ခြောက် ထုပ်များအသွင်ရောနှော တင်ပို့ခဲ့မှုတွင် အဓိကပို့ဆောင်ခိုင်းသူ မောင်မောင်(ခ) HJ Yassin ကို ယနေ့ ဇွန် ၂၉ ရက်တွင် ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးတွင် မူယစ်ဆေးဝါးဥပဒေပုဒ်မ များဖြင့် တရားစွဲဆိုတင်ပို့ခဲ့သည်။

ဇွန် ၁၅ ရက်နေ့တွင် ဆိပ်ကမ်းမြို့နယ်တရားရုံးတွင် မောင်မောင်(ခ) HJ Yassin အပါဝင် ၃ ဦးကို  ဒုတိယ အကြိမ်ချုပ်ရမန်ယူခဲ့ပြီးနောက် ယနေ့ အနောက်ပိုင်းခရိုင်တရားရုံးသို့ မူးယစ်ဆေးဥပဒေပုဒ်မ ၂၀(ခ)/၂၂(က)ဖြင့် တရားစွဲဆိုတင်ပို့ခဲ့ခြင်းဖြစ်သည်။ 

 ဇွန် ၁၉ ရက်နေ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ မလေးရှားနိုင်ငံသို့ လက်ဖက်ခြောက် ထုပ်များ နှင့်ရောနှောတင်ပိုခဲ့သည့် မူးယစ်ဆေးဝါးများနှင့်ပတ်သက်၍ မောင်မောင်(ခ) HJ Yassin ၊ မင်းနိုင်၊အောင်လွင်၊ ဇေယျာဟိန်း တို့ကို ဖမ်းဆီးခဲ့ကြောင်း ထုတ်ပြန်ခဲ့ပြီး ချင်ကျားမူ(ခ) မကျားဝေ(ခ) နှင်းဦးလွင်(ဖမ်းမမိသေး)၊ အကိုကြီး(ခ) ကတုံးနှင့် ဟူစိန်(ခ) မိုဟာမက်ဟူစိန် တို့ကို အမှုဖြင့် စုံစမ်းစစ်ဆေးနေကြောင်းထုတ်ပြန်ခဲ့သည်။ 

အမှုမှာ မေ ၂၂ ရက်တွင် မြန်မာနိုင်ငံဘက်မှ ဝင်ရောက်လာသည့် သင်္ဘောကွန်တိန်နာတစ်ခုတွင် လက်ဖက်ခြောက်ထုပ် များ နှင့်ဝှက်လျက် မူးယစ်ဆေးများ သယ်ဆောင်လာသည်ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း မလေးရှားအစိုးရက မေလ ၂၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။

 

အဆိုပါ မူးယစ်ဆေးဝါးများသိမ်းဆည်းရမိမှုနှင့်ပတ်သက်၍ မလေးရှား နိုင်ငံသားသုံးဦးနှင့် မြန်မာနိုင်ငံ သား သုံးဦးတို့ကိုပါ မလေးရှားအစိုးက ဖမ်းဆီးခဲ့သည်။