နယူးယောက် ဇွန် ၃၀
အမေရိကန်အစိုးရက ပြည်ပထုတ်ကားနှင့် အပိုပစ္စည်းများအပေါ် အခွန်တိုးမြှင့်ကောက်ခံနိုင်သည့်အလားအလာနှင့် ပတ်သက်၍ အမေရိကန်တို့ထိခိုက်နိုင်ခြေကို အမေရိကန်၏အကြီးမားဆုံး ထိပ်တန်းကားထုတ်လုပ်သူဖြစ်သည့် ဂျင်နရယ်မော်တာ (ဂျီအမ်)က ဆန့်ကျင် သတိပေးလိုက်ပြီဖြစ်သည်။
ယင်းသို့အခွန်တိုးကောက်က ပြည်တွင်းပြည်ပထုတ်လုပ်မှုလျော့ကျကာ ဂျီအမ်ကုမ္ပဏီသည် သေးငယ်သွားမည်ဖြစ်၍ အမေရိကန်အတွက် အလုပ်အကိုင်လျော့နည်းသွားမည့်အန္တရာယ်ရှိနေကြောင်း ဂျီအမ်ကပြောဆိုခဲ့သည်။ အမျိုးသားလုံခြုံရေးကို ထိခိုက်သည်ဆိုကာ ပြည်ပထုတ်ကားနှင့် ကားပစ္စည်းအပေါ်အခွန်တိုးကောက်ရေး စုံစမ်းရန် သမ္မတထရမ့်က မေလတွင် ညွှန်ကြားခဲ့ပြီး စီးပွားရေးဝန်ကြီးဌာနက ထောက်ခံကြောင်း မှတ်ချက်ထွက်လာ၍ ဂျီအမ်က သတိပေးလိုက်ခြင်းဖြစ်သည်။
ကားပစ္စည်းကွန်ရက်ကြီးကို ထိခိုက်၍ ကားများဈေးကြီးပြီး အရောင်းကျဆင်းကာ အလုပ်အကိုင်များ ဆုံးရှုံးကုန်မည်ဖြစ်ကြောင်း ဝေဖန်မှုများနှင့်အတူ ထရမ့်၏မူဝါဒသည် အပြင်းအထန်ပြစ်တင်ရှုတ်ချခံနေရသည်။
အညမညသဘောတရားအရ အမေရိကန်ပြည်ထောင်စုတွင် ကားအရောင်းကျဆင်းပြီး အမေရိကန်လုပ်သားထုအပေါ်လည်း ဆိုးကျိုးသက်ရောက်မည်ဖြစ်ကြောင်း၊ ယင်းအခြေအနေကို လျစ်လျူမရှုနိုင်ကြောင်း ဂျီအမ်က စုံစမ်းစစ်ဆေးရေးအစီရင်ခံစာ တစ်စောင် ထုတ်ပြန်ခဲ့သည်။
ယင်းပုံစံ အခွန်တိုးကောက်မှုက ရင်းနှီးမြှုပ်နှံမှုကိုလည်း ထိခိုက်စေကာ ကမ္ဘာလုံးဆိုင်ရာ စက်မှုကုန်ထုတ်လုပ်မှုတွင် အမေရိကန်၏အခန်းကဏ္ဍကို လျော့ကျစေလိမ့်မည်ဟုလည်း ဂျီအမ်က သတိပေးသည်။ ထရမ့်အစိုးရ၏ ပြည်ပကားနှင့် ကားပစ္စည်းအပေါ် အခွန်တိုးကောက်မည့်အရေးနှင့်ပတ်သက်၍ တိုယိုတာ၊ ဘီအမ်ဒဗလျူနှင့် ဗော်လ်ဗိုတို့ကလည်း ဆန့်ကျင်ကန့်ကွက်သည့် သဘောထားမှတ်ချက်များ ပေးခဲ့ကြပြီးဖြစ်သည်။

















