ဝါရှင်တန် ဇွန် ၃၀
မြောက်ကိုရီးယားသည် အမေရိကန်ပြည်ထောင်စုနှင့် နျူလက်နက်ဖျက်သိမ်းရေးဆွေးနွေးနေသော်လည်း လျှို့ ဝှက်နေရာများစွာတို့တွင် နျူလက်နက်များအတွက် လောင်စာထုတ်လုပ်မှုကို တိုးမြှင့်ပြုလုပ်နေကြောင်း အမေရိကန်ထောက်လှမ်းရေးအဖွဲ့များက ယူဆနေကြသည်ဟု အမေရိကန်အစိုးရအရာရှိများ၏ပြောဆိုမှုကို အင်န်ဘီစီသတင်းကွန်ရက်က ကိုးကားဖော်ပြခဲ့သည်။
အမေရိကန်ထောက်လှမ်းရေးများ၏ယူဆချက်သည် ဇွန် ၁၂ ရက်တွင် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နှင့် တွေ့ဆုံပြီးနောက် မြောက်ကိုရီးယားထံမှ နျူခြိမ်းခြောက်မှုမရှိတော့ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ပြောဆိုချက်တို့ကြား ပြောင်ပြောင်ကြီးဆန့်ကျင်နေကြောင်း အင်န်ဘီစီကဖော်ပြခဲ့သည်။
မကြာသေးမီလများအတွင်း မြောက်ကိုရီးယားသည် နျူလက်နက်များအတွက် အားဖြည့်သန့်စင်သည့် ယူရေနီယံထုတ်လုပ်ခြင်းကို တိုးမြှင့်လုပ်ဆောင်ခဲ့ကြောင်း အင်န်ဘီစီက အမည်မဖော်လိုသည့် အမေရိကန်အစိုးရအရာရှိများ၏ပြောဆိုမှုကို ကိုးကားဖော်ပြခဲ့သည်။ မြောက်ကိုရီးယား၌ ယွန်ဗြွန်ရှိ နျူလောင်စာထုတ်လုပ်ရေးစက်ရုံအပြင် အခြားလျှို့ဝှက်နျူကလီးယားစက်ရုံတစ်ရုံထက်ပိုပြီးရှိနေကြောင်း အမေရိကန်ထောက်လှမ်းရေးအရာရှိများကပြောဆိုခဲ့သည်။
အင်န်ဘီစီ၏ဖော်ပြမှုနှင့်ပတ်သက်၍ အတည်ပြုလိုခြင်းမရှိကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် စီအိုင်အေတို့ကပြောဆိုခဲ့သည်။ အိမ်ဖြူတော်ကလည်း တုံ့ပြန်ခြင်းမရှိသေးချေ။
မြောက်ကိုရီးယား၌ ယွန်ဗြွန်ရှိ စက်ရုံအပါအဝင် အခြားထုတ်ဖော်ပြောဆိုခြင်းမရှိသည့် နျူလောင်စာထုတ်လုပ်ရေးစက်ရုံတစ်ရုံရှိနေပြီး မြောက်ကိုရီးယားသည် နျူစမ်းသပ်ကွင်းတချို့ကို ဖျက်ဆီးခဲ့ကာ တစ်ချိန်တည်းမှာပင် အခြားစက်ရုံများကိုလည်း လျှို့ဝှက်ထားရှိခဲ့ကြောင်း အင်န်ဘီစီ၏ဖော်ပြချက်အပေါ် မူတည်ပြီး သုံးသပ်နိုင်ကြောင်း ကယ်လီဖိုးနီးရှိ အရှေ့အာရှနျူလက်နက်မပျံ့နှံ့ရေးအစီအစဉ်၏ဒါရိုက်တာ ဂျက်ဖရီလူးဝစ်ကပြောဆိုခဲ့သည်။
နျူလက်နက်အရေးနှင့်ပတ်သက်၍ နောက်ထပ်ဆွေးနွေးမှုများပြုလုပ်ရန်အတွက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွန်ပီယိုသည် လာမည့်အပတ်တွင် မြောက်ကိုရီးယားသို့သွားရောက်ရန်ရှိနေကြောင်း ဖိုင်နန်ရှယ်တိုင်းမ်သတင်းစာက ဇွန် ၂၈ ရက်တွင် ဖော်ပြခဲ့သည်။

















