မာလီ အကြမ်းဖက်မှုတန်ပြန်ရေးဌာနချုပ် ကားဗုံးခွဲခံရ၍ ၃ ဦးသေဆုံး

မာလီ အကြမ်းဖက်မှုတန်ပြန်ရေးဌာနချုပ် ကားဗုံးခွဲခံရ၍ ၃ ဦးသေဆုံး

မာလီရှိ အနောက်အာဖရိကငါးနိုင်ငံ၏ အကြမ်းဖက်မှုတန်ပြန်ရေးဌာနချုပ်တွင် ကားဗုံးခွဲတိုက်ခိုက်မှုနှင့် ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ စစ်သားနှစ်ဦးနှင့် အရပ်သားတစ်ဦးသေဆုံးကာ အကြမ်းဖက်သမားနှစ်ဦးကိုလည်း အသေရမိခဲ့သည်။

စစ်သည်လေးဦး၊ အရပ်သားတစ်ဦးနှင့် အကြမ်းဖက်သမားဟု သံသယရှိသူသုံးဦးတို့ ဒဏ်ရာရရှိခဲ့ကြောင်း ငါးနိုင်ငံအဖွဲ့ပြောခွင့်ရသူ အက်ဒိုဆလမ် ဒီယာဂါနာက ပြောသည်။

ငါးနိုင်ငံအဖွဲ့ဥက္ကဌဖြစ်သူ နိုင်ဂျာသမ္မတ မဟာမာဒိုအီဆိုဖူက ယင်းရူးမိုက်သည့် ရာဇဝတ်မှုသည် ဒေသတွင်းတည်ငြိမ်မှုကို ခြိမ်းခြောက်ခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။
    ယခုဖြစ်ရပ်သည် ငါးနိုင်ငံ တပ်ဌာနချုပ်ကို ပထမဆုံးအကြိမ်ပစ်မှတ်ထား တိုက်ခိုက်ခြင်းဖြစ်သည်။ ပြင်သစ်သမ္မတ ဧမာနွေလ မာခရွန်နှင့် အာဖရိကခေါင်းဆောင်များ မာရီတေးနီးယားနိုင်ငံတွင် ဇူလိုင် ၁ ရက် တွေ့ဆုံမှုမပြုမီ တိုက်ခိုက်မှုဖြစ်ပွားခဲ့ခြင်းလည်းဖြစ်သည်။ ယင်းတွေ့ဆုံမှုတွင် ဒေသဆိုင်ရာ အစွန်းရောက်အကြမ်းဖက်မှုအရေးလည်း ဆွေးနွေးရန်အစီအစဉ် ပါဝင်သည်။
    တိုက်ခိုက်မှုအတွက် လက်သည်မပေါ်သေးသော်လည်း မာလီတွင် အယ်လ်ခိုင်ဒါနှင့် အိုင်အက်စ်အုပ်စုအချို့ လှုပ်ရှားနေကြပြီး ကုလသမဂ္ဂငြိမ်းချမ်းမှုထိန်းသိမ်းရေးတပ်ဖွဲ့များပင် အသေအပျောက်များပြားခဲ့သည့် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်။ အိမ်နီးချင်း ဘာကီနာဖာဆိုမြို့တော်တွင်လည်း စစ်ဌာနချုပ်နှင့် ပြင်သစ်သံရုံးတို့ မတ်လအတွင်း တိုက်ခိုက်ခံခဲ့ရသည်။
    အနောက်အာဖရိကငါးနိုင်ငံဖြစ်သည့် မာလီ၊ ဘာနီနာဖာဆို၊ ချဒ်၊ နိုင်ဂျာနှင့် မာရီတေးနီးယားတို့ ပူးပေါင်း၍ စစ်သည် ၅၀ဝ၀ ပါ အကြမ်းဖက်မှုတန်ပြန်ရေးတပ်ဖွဲ့ကို အမေရိကန်၊ အီးယူ၊ ဆော်ဒီအာရေဗျနှင့် အခြားနိုင်ငံများအကူအညီဖြင့် ဖွဲ့စည်းထားသည်။