ဒေါ်လာဘီလျံချီ အမေရိကန်ကုန်စည်များအပေါ် ကနေဒါက လက်တုံ့ပြန်၍ အခွန်တိုးကောက်မည်

ဒေါ်လာဘီလျံချီ အမေရိကန်ကုန်စည်များအပေါ် ကနေဒါက လက်တုံ့ပြန်၍ အခွန်တိုးကောက်မည်

တိုရွန်တို    ဇွန် ၃၀
    ကနေဒါထုတ် သံမဏိနှင့် အလျူမီနီယမ်သွင်းကုန်များအပေါ် ထရမ့်အစိုးရက အခွန်တိုးကောက်ခဲ့ခြင်းကို လက်တုံ့ပြန်သည်အနေဖြင့် ဆော့စ်၊ မြက်ရိတ်စက်နှင့် စက်တပ်လှေအပါအဝင် အမေရိကန်ကုန်စည် ၁၂ ဒသမ ၆ ဘီလျံဘိုး အပေါ် အခွန်တိုးကောက်မည်ဖြစ်ကြောင်း ကနေဒါအစိုးရက ကြေညာလိုက်သည်။

ဇူလိုင်မှစသက်ရောက်မည့် ယင်းအခွန်တိုးကောက်မည့်စာရင်းကို ဝန်ကြီးချုပ် ဂျပ်စတင်ထရူးဒိုး၏ ကနေဒါအစိုးရက ဇွန် ၂၉ ရက်တွင် ကြေညာခဲ့ခြင်းဖြစ်ပြီး အချို့ကုန်စည်များသည် အခွန် ၁၀ ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်း တိုးမြှင့်ထမ်းဆောင်ရမည် ဖြစ်သည်။ ယင်းသည် ပြီးပြည့်စုံသည့် အချိုးညီတုံ့ပြန်မှုဖြစ်ကြောင်း တစ်ဒေါ်လာကို တစ်ဒေါ်လာချင်းတုံ့ပြန်မှုဖြစ်ကြောင်း ကနေဒါနိုင်ငံခြားရေးဝန်ကြီး ဖရီးလန်းက ပြောသည်။
    ရွေးထုတ်ထားသည့် အမေရိကန်ကုန်စည်များသည် စီးပွားရေးသက်ရောက်မှုထက် နိုင်ငံရေးပိုဆန်သည်ဟု သုံးသပ်မှုများလည်းရှိသည်။ ဥပမာ အမေရိကန်အောက်လွှတ်တော်ပြောခွင့်ရ ပေါလ်ရွိုင်ယန်၏ဇာတိ ဝစ္စကွန်ဆန်မှ အများဆုံး ထုတ်လုပ်သည့် ဒိန်ချဉ်ကို အခွန် ၁၀ ရာခိုင်နှုန်း တိုးကောက်မှုမျိုးဖြစ်သည်။ ကနေဒါသည် တစ်နှစ်လျှင် အမေရိကန်ဒိန်ချဉ် ဒေါ်လာ ၃ သန်းဖိုးမျှသာ တင်သွင်းသည်။ အလားတူ တင်နက်ဆီနှင့် ကင်တတ်ကီမှ အမေရိကန်ဝီစကီများလည်း အခွန်တိုးဆောင်ရမည့်စာရင်းထဲပါသည်။ ရီပတ်ဘလီကန်ဆီးနိတ်ခေါင်းဆောင် မစ်ချ်မက်ကောနယ်လ်၏ဇာတိထုတ် အရက်များဖြစ်သည်။
    အကယ်၍ သမ္မတထရမ့်က ကုန်သွယ်ရေးစစ်ပွဲအရှိန်မြှင့်လိုလျှင်လည်း အသင့်ရှိကြောင်း၊ မြောက်အမေရိက လွတ်လပ်စွာ ကုန်သွယ်ရေးစေ့စပ်ရန်လည်း ချဉ်းကပ်နေကြောင်း ဖရီးလန်းက ဆိုသည်။
    ကနေဒါပြည်သူများကမူ မော်တော်ယာဉ်အစိတ်အပိုင်းများ အခွန်တိုးကောက်၍ ကနေဒါစီးပွားရေးထိခိုက်မည်ကို အဓိကပူပန်ကြသည်။ သို့သော် သက်တမ်းဝက်ရွေးကောက်ပွဲမတိုင်မီ အမေရိကန်ကွန်ဂရက်အတွက် မော်တော်ယာဉ်အစိတ်အပိုင်း အခွန်တိုးကောက်ရေးသည် မကျော်သင့်သည့် စည်းတစ်ခု ဖြစ်မည်ဟုလည်း မျှော်လင့်ကြသည်။ ကနေဒါအစိုးရသည် ကနေဒါနှင့် သံမဏိနှင့်အလျူမီနီယမ်လုပ်ငန်းများကို အမတော်ကြေး ဒေါ်လာ ၁ ဒသမ ၅ ဘီလျံထောက်ပံ့ရန် ကြေညာခဲ့ရသည်။