အယ်လ်ဟာမီဒီယာ ဇွန် ၃၀
ဥရောပသို့ ထွက်ခွာရာလမ်း လစ်ဗျားကမ်းလွန်တွင် ရွှေ့ပြောင်းများစွာလိုက်ပါလာသည့် စက်လှေတစ်စင်း ဇွန် ၂၉ ရက်တွင် တိမ်းမှောက်နစ်မြုပ်ခဲ့မှုကြောင့် ကလေးသုံးဦးသေဆုံးပြီး လူ ၁၀ဝ ခန့် ပျောက်ဆုံးနေဆဲဖြစ်ကြောင်း လစ်ဗျားကမ်းခြေစောင့်တပ်က ပြောဆိုခဲ့သည်။
ရော်ဘာစက်လှေပေါ်တွင် ရွှေ့ပြောင်း ၁၂၀ ဦးလိုက်ပါလာခဲ့ပြီး အသက်ရှင်ကျန်ရစ်သူများအား လစ်ဗျားမြို့တော်ထရီပလီအရှေ့ဘက်ရှိ အယ်လ်ဟမီဒီယာသို့ ပို့ဆောင်ခဲ့သည်။ ၁၆ ဦးကို ကယ်တင်နိုင်ခဲ့ပြီး မွေးခါစကလေးငယ် နှစ်ဦးနှင့် အသက် ၁၂ နှစ်အောက်ကလေးသုံးဦးတို့ ပျောက်ဆုံးနေဆဲဖြစ်သည်။
ထရီပလီအရှေ့ဘက်ရှိ ဂါရာဘိုလီမှ ဇွန် ၂၉ ရက် အရုဏ်တက်ချိန်တွင်ထွက်ခွာခဲ့ပြီးနောက် ကြုံတွေ့ခဲ့ရသည့် ဒုက္ခများကို အသက်ရှင်ကျန်ရစ်သူများကပြောဆိုခဲ့သည်။ ခရီးစဉ်အတွင်း စက်လှေပေါ်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး မော်တာမီးစွဲလောင်ခဲ့ကာ စက်လှေတွင်းရေများဝင်ရောက်ခဲ့ကြောင်း ၎င်းတို့ကပြောဆိုခဲ့သည်။
ခရီးသည်များတွင် မော်ရိုကိုမှ မိသားစုများပါဝင်ခဲ့ကြောင်း ၎င်းတို့အားလုံးသေဆုံးခဲ့သည်။ ခရီးသည် ၂၀ ဦးသာ လိုက်ပါစီးနင်းမည်ဖြစ်ကြောင်း ကနဦးတွင် ပြောဆိုခဲ့သော်လည်း စက်လှေပေါ်တွင် လူ ၁၀ဝ ကျော်ပါဝင်ခဲ့သောကြောင့် မလိုက်လိုကြောင်း ပြောဆိုခဲ့ရာ လူကုန်ကူးသူများက သေနတ်ပြခြိမ်းခြောက်သောကြောင့် လိုက်ခဲ့ရခြင်းဖြစ်ကြောင်း အသက်ရှင်ကျန်ရစ်သူ ယီမင်နိုင်ငံသား အမ်ရီဆွီလာကပြောဆိုခဲ့သည်။
စက်လှေပေါ်တွင် အမျိုးသမီး ၁၅ ဦးပါဝင်သော်လည်း ကယ်ဆယ်ခံရသည့် ခရီးသည်များမှာ အမျိုးသားများသာဖြစ်ကြသည်။ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများကြား ရွှေ့ပြောင်းများလက်ခံမှုတာဝန်ကို ညီတူမျှတူခွဲဝေယူရန် သမဂ္ဂခေါင်းဆောင်များကြား သဘောတူညီမှုရရှိပြီးနောက်တွင် စက်လှေနစ်မြုပ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ဇွန် ၂၉ ရက်တွင် ဂါရာဘိုလီကမ်းလွန်၌ စက်လှေ သုံးစင်းပေါ်ရှိ ရွှေ့ပြောင်း ၃၄၅ ဦးကိုကယ်တင်ခဲ့ပြီးဖြစ်ကြောင်း လစ်ဗျားရေတပ်၏ပြောခွင့်ရှိသူ ဗိုလ်ချုပ်အယိုးကာဆမ်ကပြောဆိုခဲ့သည်။ ဇွန် ၁၈ ရက်တွင် ရုပ်အလောင်း ငါးလောင်းကို ဆယ်ယူရရှိခဲ့ပြီး လူ ၁၀ဝ ကျော်ကို ကယ်တင်ခဲ့ရပြီးဖြစ်သည်။

















