ဝါရှင်တန် ဇွန် ၃၀
မက္ကဆီကိုနယ်စပ်မှတစ်ဆင့် အမေရိကန်နိုင်ငံတွင်းသို့ တရားမဝင်ဝင်ရောက်သည့် ရွှေ့ပြောင်းမိဘများနှင့် သားသမီးများကို လူဝင်မှုကြီးကြပ်ရေးဥပဒေအရ စစ်ဆေးမှုများပြုလုပ်စဉ်အတွင်း ဖမ်းဆီးထိန်းသိမ်းခွင့်ရှိနေကြောင်း အမေရိကန်အစိုးရက ဇွန် ၂၉ ရက်တွင် တရားရုံးသို့ လျှောက်ထားမှုတွင် ဖော်ပြထားသည်။
ဖလော်ရဲစ်သဘောတူညီမှုအရ သိကြသည့် ၁၉၉၇ ခုနှစ်တွင် တရားရုံးကဆုံးဖြတ်ခဲ့မှုအရ အမိမြေလုံခြုံရေးဝန်ကြီးဌာနသည် တရားမဝင်ရွှေ့ပြောင်းကလေးငယ်များအား ရက် ၂၀ ချုပ်နှောင်ပြီးနောက်တွင် ပြန်လွှတ်ရမည်ဖြစ်သည်။ သို့သော် တရားရေးဝန်ကြီးဌာနမှ ရှေ့နေများက ကယ်လီဖိုးနီးယားပြည်နယ်ရှိ ခရိုင်တရားရုံးသို့ လျှောက်ထားမှုတွင်မူ ကလေးငယ်များအား လူဝင်မှုကြီးကြပ်ရေးဥပဒေအရ စစ်ဆေးမှုများမပြီးစီးမချင်း ဖမ်းဆီးချုပ်နှောင်ထားရန်မှလွဲပြီး အခြားရွေးချယ်စရာမရှိကြောင်း ဖော်ပြထားသည်။
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ တရားမဝင်ရွှေ့ပြောင်းလုံးဝလက်မခံရေး မူဝါဒအရ ရွှေ့ပြောင်းမိဘများကိုဖမ်းဆီးပြီးနောက်တွင် ကျန်ရှိသည့် သားသမီးများကို မိဘများနှင့် ခွဲထားနေခြင်းကို ရပ်ဆိုင်းပေးရန် အမေရိကန်နိုင်ငံသားအခွင့်အရေးသမဂ္ဂက ဆန်ဒီယေဂိုရှိ တရားရုံးမှတစ်ဆင့် လျှောက်ထားတောင်းဆိုထားပြီးဖြစ်သည်။
မူဝါဒကိုစတင်အကောင်အထည်ဖော်သည့် မေမှစ၍ ရွှေ့ပြောင်းမိသားစုများသည် ချုပ်နှောင်ခံရစဉ်အတွင်း သီးခြားစီနေထိုင်ခဲ့ရသည်။ မိဘများနှင့် ခွဲနေရသည့် ကလေး ၂၀ဝ၀ ခန့်သည် ယခုလောလောဆယ်တွင် အမေရိကန်အစိုးရ၏ထိန်းသိမ်းစောင့်ရှောက်မှုအောက်တွင် ရှိနေသည်။
ယခုလအတွင်း ထရမ့်လက်မှတ်ရေးထိုးခဲ့သည့် ညွှန်ကြားချက်အရ မိဘများနှင့်သားသမီးများကို သီးခြားစီခွဲထားမည်မဟုတ်သော်လည်း ရွှေ့ပြောင်းမိဘများနှင့် သားသမီးများ ယခုအချိန်အထိ ခွဲခွာနေရဆဲဖြစ်သည်။ မိသားစုများအား ရက် ၃၀ နှင့် ရက် ၃၀ အောက်လျော့သည့် အချိန်ကာလတွင်း ပြန်လည်ဆုံစည်းခွင့်ပေးရမည်ဟု ဆန်ဒီယေဂိုတရားရုံးက ညွှန်ကြားခဲ့ပြီးဖြစ်သည်။
ယင်းကြောင့် မိသားစုများကို ခွဲထားမည်မဟုတ်သော်လည်း လူဝင်မှုကြီးကြပ်ရေးဥပဒေများဖြင့် စစ်ဆေးစဉ်အတွင်း မိသားစုများကို အတူတကွချုပ်နှောင်ထားမည်ဖြစ်ကြောင်း အစိုးရ၏ ဇွန် ၂၉ ရက် လျှောက်ထားမှုတွင် ဖော်ပြထားသည်။ ယခင်အမေရိကန်အစိုးရများလက်ထက်တွင် ရွှေ့ပြောင်းမိဘများနှင့် သားသမီးများအား အမေရိကန်ပြည်ထောင်စု၌ နေထိုင်ခွင့်လျှောက်ထားစဉ်အတွင်း လွှတ်ပေးထားလေ့ရှိခဲ့သည်။ ယင်းကဲ့သို့ ဖမ်းဆီးပြီးနောက် ပြန်လွှတ်သည့် မူဝါဒသည် မထိရောက်ကြောင်း ထရမ့်က ပြောဆိုခဲ့ပြီးဖြစ်သည်။

















