ဆိုးလ် ဇွန် ၃၀
တောင်ကိုရီးယားအစိုးရသည် ဒုက္ခသည်လက်ခံမှုဆိုင်ရာဥပဒေများကို တင်းကျပ်မည်ဖြစ်ကြောင်း တောင်ကိုရီးယားတရားရေးဝန်ကြီးဌာနက ဇွန် ၂၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ဇန်နဝါရီမှ မေလအတွင်း နိုင်ငံတောင်ပိုင်းရှိ ဂျဲဂျူးကျွန်းသို့ ယီမင်မှ ရွှေ့ပြောင်း ၅၅၂ ဦးရောက်ရှိခဲ့ပြီးဖြစ်ကာ ယီမင်နိုင်ငံသား ၄၃၀ ကျော်သည် တောင်ကိုရီးယားတွင် ခိုလှုံခွင့်လျှောက်ထားခဲ့ပြီးဖြစ်ကြောင်း တရားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
တောင်ကိုရီးယားသည် ၁၉၉၄ ခုနှစ်မှစ၍ လူ ၈၀ဝ ကျော်ကိုသာ ဒုက္ခသည်အဆင့်အတန်းပေးကာ ခိုလှုံခွင့်ပေးခဲ့သည်။ တောင်ကိုရီးယားသို့ ယီမင်နိုင်ငံသားများ ရုတ်တရက်ဝင်ရောက်မှုကြောင့် နိုင်ငံတွင်း ရာဇဝတ်မှုများနှင့် အခြားလူမှုရေးပြဿနာများတိုးပွားလာမည်ကို စိုးရိ်မ်မှုများရှိနေသည်။
ဗီဇာမပါဘဲ နိုင်ငံတွင်းဝင်ရောက်ခွင့်ပေးခြင်းနှင့် လျှောက်ထားသူများအား ဒုက္ခသည်အဆင့်အတန်းပေးကာ ခိုလှုံခွင့်ပေးခြင်းတို့ကို ပြင်ဆင်ရန်သို့မဟုတ် ဖျက်သိမ်းပေးရန် တောင်ကိုရီးယားနိုင်ငံသား ၅၄၀ဝ၀ဝ ကျော်က အွန်လိုင်းမှတစ်ဆင့်တောင်းဆိုစာကို လက်မှတ်ရေးထိုးကာ သမ္မတရုံးသို့ ပေးပို့ခဲ့ပြီးဖြစ်သည်။
အလွဲသုံးစားမှုများရှိနေသောကြောင့် ဒုက္ခသည်ဥပဒေကို ပြင်ဆင်ဖြည့်စွက်မည်ဖြစ်ကြောင်း တရားရေးဝန်ကြီးဌာနက ပြောဆိုခဲ့သည်။ တောင်ကိုရီးယားအစိုးရသည် ဂျဲဂျူးကျွန်းရှိ ယီမင်နိုင်ငံသားများအား ကျွန်းမှထွက်ခွာခွင့်ပိတ်ပင်ထားပြီး ဇွန် ၁ ရက်မှစကာ တောင်ကိုရီးယားနိ်ုင်ငံတွင်းသို့ ဗီဇာမပါဘဲ ဝင်ရောက်ခွင့်ရှိသည့် နိုင်ငံများစာရင်းမှ ယီမင်ကို ဖယ်ရှားခဲ့ပြီးဖြစ်သည်။
ဒုက္ခသည်များ၏အနေအထားနှင့်ဆက်ဆိုင်သော ကွန်ဗင်းရှင်းကို ၁၉၉၂ ခုနှစ်တွင် လက်ခံခဲ့ပြီးနောက် တောင်ကိုရီးယားသည် ၁၉၉၄ ခုနှစ်မှစ၍ ဒုက္ခသည်အဖြစ်လျှောက်ထားမှုများကို လက်ခံခဲ့သည်။ မိခင်နိုင်ငံတွင် ဖိနှိပ်ခံရမှုများရှိနေသည့်အတွက်ကြောင့် နိုင်ငံမှ ထွက်ပြေးတိမ်းရှောင်ရသည့် ဒုက္ခသည်များကို အကာအကွယ်ပေးသည့် ဥပဒေကို တောင်ကိုရီးယားသည် ၂၀၁၃ ခုနှစ်တွင် အတည်ပြုခဲ့သည်။ တောင်ကိုရီးယားသည် ဒုက္ခသည်ဆိုင်ရာဥပဒေနှင့်ပတ်သက်၍ ပထမဆုံးအတည်ပြုခဲ့သည့် အာရှနိုင်ငံဖြစ်သည်။

















