ကိုလမ်ဘို ဇူလိုင် ၁
သီရိလင်္ကာ၏တောင်ပိုင်းတိုင်းစစ်ဌာနချုပ်အား တရုတ်နိုင်ငံပိုင်ကုမ္ပဏီအား နှစ်ရှည်ငှားရမ်းထားသည့် ဆိပ်ကမ်းသို့ရွှေ့ပြောင်းမည်ဖြစ်သော်လည်း ယင်းဌာနချုပ်ကို တရုတ်က စစ်ရေးရည်ရွယ်ချက်ဖြင့် အသုံးချမည်မဟုတ်ကြောင်း သီရိလင်္ကာဝန်ကြီးချုပ် ရာနီးဝစ်က ရဲမာဆင်္ဃာ၏ရုံးက ဇွန် ၃၀ ရက်တွင် ပြောဆိုခဲ့သည်။
သီရိလင်္ကာအစိုးရ၏ယခုထုတ်ပြန်ချက်ကြောင့် ဟမ်ဘန်တိုတာရေနက်ဆိပ်ကမ်းမှတစ်ဆင့် အိန္ဒိယသမုဒ္ဒရာအတွင်း တရုတ်၏စစ်ရေးနယ်ချဲ့မှုများရှိလာတော့မည်ဟု အိန္ဒိယအစိုးရ စိုးရိမ်လာဖွယ်ရှိနေသည်။ ဟမ်ဘန်တိုတာဆိပ်ကမ်းသည် အရှေ့နှင့်အနောက်သင်္ဘောသွားလမ်းများအလယ်တွင် ရှိနေသည်။
သီရိလင်္ကာရေတပ်သည် ဟမ်ဘန်တိုတာဆိပ်ကမ်းသို့ ရွှေ့ပြောင်းမည်ဖြစ်သော်လည်း ဆိပ်ကမ်းလုံခြုံရေးကို သီရိလင်္ကာရေတပ်လက်အောက်တွင်ထားရှိမည်ဖြစ်သောကြောင့် စိုးရိမ်စရာမရှိကြောင်း ဝန်ကြီးချုပ်ရုံးက ထုတ်ပြန်ခဲ့သည်။ ထို့ပြင် ဟမ်ဘန်တိုတာဆိပ်ကမ်းကို တရုတ်သည် စစ်ရေးအရ အသုံးပြုခွင့်မရှိကြောင်း အသိပေးခဲ့ပြီးဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ယခင်သမ္မတမဟိန္ဒရာရာဇပါကသဲလက်ထက်တွင် သီရိလင်္ကာသည် နိုင်ငံတောင်ပိုင်းစွန်းရှိ ဟမ်ဘန်တိုတာဆိပ်ကမ်းဆောက်လုပ်ရေးအပါအဝင် အခြေခံအဆောက်အအုံစီမံကိန်းများအတွက် တရုတ်ထံမှ ဒေါ်လာဘီလျံပေါင်းများစွာကို ချေးငှားခဲ့သည်။ သို့သော် ချေးငွေများကို ပြန်လည်ပေးဆပ်နိုင်ခြင်းမရှိသောကြောင့် သီရိလင်္ကာသည် တရုတ်အား ဆိပ်ကမ်းကို ၉၉ နှစ်ငှားရမ်းခဲ့ပြီး ဆိပ်ကမ်းလည်ပတ်မှု၏ ၇၀ ရာခိုင်နှုန်းကိုလည်း လွှဲအပ်ခဲ့ရသည်။
ယင်းကြောင့် တရုတ်သည် ရပ်ဝန်းတစ်ခုလမ်းကြောင်းတစ်သွယ်စီမံကိန်းအရ အာရှတစ်ဝန်းတွင် ချေးငွေများထုတ်ချေးပြီး သြဇာဖြန့်ကျက်နိုင်ရန် ကြိုးပမ်းနေပြီဟု အိန္ဒိယနှင့် အမေရိကန်တို့က ယူဆလာခဲ့သည်။ ယမန်နှစ် မေလတွင် အိန္ဒိယဝန်ကြီးချုပ် မဟိန္ဒြာမိုဒီ သီရိလင်္ကာသို့ လာရောက်ပြီးနောက် မကြာမီတွင် တရုတ်ရေတပ်မှ ရေငုပ်သင်္ဘောတစ်စင်းက ကိုလမ်ဘို၌ ဆိုက်ကပ်လိုကြောင်း တောင်းဆိုမှုကို လက်ရှိသမ္မတမိုင်သရီပါလာသီရိသေနာ၏အစိုးရက ပယ်ချခဲ့သည်။
ရာပါကသဲ၏ သမ္မတအဖြစ် နောက်ဆုံးနှစ်ဖြစ်သည့် ၂၀၁၄ ခုနှစ်တွင် တရုတ်ရေငုပ်သင်္ဘောနှစ်စင်း ကိုလမ်ဘို၌ ဆိုက်ကပ်ခဲ့သည်။ ၂၀၁၅ ခုနှစ် ဇန်နဝါရီတွင် သမ္မတအဖြစ်စတင်တာဝန်ထမ်းဆောင်ခဲ့သည့် သီရိသေနာသည် တရုတ်နှင့် ဆက်ဆံရေးလျှော့ချမည်ဟု ကတိပြုထားသည်။

















