အာရှဒေသတွင်း စီးပွားပူးပေါင်းဆောင်ရွက်ရေး ဂျပန်ဦးဆောင်ဆွေးနွေး

အာရှဒေသတွင်း စီးပွားပူးပေါင်းဆောင်ရွက်ရေး ဂျပန်ဦးဆောင်ဆွေးနွေး

သမ္မတထရမ့်ခေါင်းဆောင်သည့် အမေရိကန်အစိုးရ၏ ကိုယ်ကျိုးကာကွယ်ရေးစီးပွားရေးမူဝါဒ ရင်ဆိုင်နေရချိန်တွင် အာရှနိုင်ငံများအနေဖြင့် လွတ်လပ်၍ စည်းမျဉ်းဥပဒေများအပေါ်အခြေပြုသည့် ကုန်သွယ်ရေးပြုလုပ်ကြရန် တိုကျို၌ ဆွေးနွေးခဲ့ကြသည်။

အာရှ ၁၆ နိုင်ငံမှ ခေါင်းဆောင်အချို့နှင့် ကုန်သွယ်ရေးဝန်ကြီးများ တက်ရောက်ကြသည့် အာရှဒေသဆိုင်ရာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (RCEP) စည်းဝေးပွဲတွင် ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။ ပစိဖိတ်ရပ်ဝန်းလွတ်လပ်စွာကုန်သွယ်မှုမှ အမေရိကန်နှုတ်ထွက်သွားပြီးနောက် သဘောတူညီမှုကို ပြန်လည်ပုံဖော်ရန်လည်း နည်းလမ်းရှာဖွေခဲ့ကြသည်။
    ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ကမ္ဘာတွင်ကိုယ်ကျိုးကာကွယ်ရေးဝါဒထွန်းကားလာ၍ အာရှအနေဖြင့် မဖြစ်မနေညီညွတ်ကာ လွတ်လပ်၍မျှတသည့်ကုန်သွယ်ရေး အခြေခံမူများ ဆက်လက်ထိန်းသိမ်းရန် အနာဂတ်အတွက်အရေးကြီးကြောင်း၊ RCEP သည် ကမ္ဘာ၏အာရုံစိုက်မှု ပိုမိုရရှိလာကြောင်း ပြောသည်။ 
    သမ္မတထရမ့်သည် အာရှပစိဖိတ်စီးပွားရေးသဘောတူညီမှုမှ  အမေရိကန်ကိုပြန်ဆွဲထုတ်သွားသည့်အပြင် အမေရိကန်၏ ကုန်သွယ်ရေးလိုငွေပြမှုကိုလျှော့ချရန် သံမဏိနှင့် အလျူမီနီယမ်သွင်းကုန်များအပေါ် အခွန်မြင့်မားစွာ တိုးမြှင့်ကောက်ခံရုံမက ယာဉ်နှင့် ယာဉ်ပစ္စည်းများကိုပါ အခွန်တိုးကောက်ရန် ခြိမ်းခြောက်ထားသည်။ တရုတ်ထုတ်ကုန်များကို အမေရိကန်က အထူးပစ်မှတ်ထား အခွန်တိုးကောက်ထား၍ ကုန်သွယ်ရေးစစ်ပွဲဖြစ်လုနီး ဖြစ်နေသည်။
    ဂျပန်သည်လည်း အမေရိကန်၏သတ္တုခွန်တိုးကောက်မှုဒဏ်ခံစားရ၍ ယန်းဘီလျံ ၅၀(ဒေါ်လာ သန်း ၄၅၀)ဘိုး အမေရိကန် ကုန်စည်များကို လက်စားချေအခွန်ပြန်ကောက်ဖွယ်ရှိကြောင်း ပြောဆိုထားသည်။ RCEP ဆိုင်ရာသဘောတူညီချက်ကို ယခုနှစ်ကုန်တွင် အပြီးသတ်သဘောတူညီမှုရရန် ဂျပန်က မျှော်လင့်ထားသကဲ့သို့ တရုတ်၏လွှမ်းမိုးမှုကိုလည်း သတိနှင့်စောင့်ကြည့်နေသည်။
    တရုတ်သည် ပစိဖိတ်ဖြတ်ကျော်ပူးပေါင်းဆောင်ရွက်မှု (TPP) ၏ အစိတ်အပိုင်းမဟုတ်သော်လည်း RCEP တွင်မူ အဓိကတစ်နေရာမှ ပါဝင်သည်။ RCEP တွင် အရှေ့တောင်အာရှ၊ သြစတြေလျ၊ နယူးဇီလန်၊ အိန္ဒိယနှင့် တောင်ကိုရီးယားတို့လည်း ပါဝင်ကြသည်။