အမေရိကန်ဆိုင်ကယ်ထုတ်လုပ်သူနောက်တစ်ဦး ပြည်ပရွှေ့ရန်စိတ်ကူး

အမေရိကန်ဆိုင်ကယ်ထုတ်လုပ်သူနောက်တစ်ဦး ပြည်ပရွှေ့ရန်စိတ်ကူး

ဟာလီဒေးဗစ်ဆန်ဆိုင်ကယ်ကုမ္ပဏီက ဥရောပသို့ စက်ရုံခွဲများရွှေ့ပြောင်းရန် ဆုံးဖြတ်ခဲ့ပြီးနောက် အမေရိကန် ဆိုင်ကယ် ထုတ်လုပ်သူနောက်တစ်ဦးဖြစ်သည့် ပိုလာရစ်သည်လည်း စက်ရုံခွဲအချို့ကို အမေရိကန်မှနေ၍ ပိုလန်သို့ပြောင်းရွှေ့ရန် စဉ်းစားနေပြီ ဖြစ်သည်။

မင်နီဆိုးတားအခြေစိုက် ပိုလာရစ်အနေဖြင့် ဥရောပ၏ အမေရိကန်အပေါ် လက်စားချေ အခွန်တိုးကောက်ခြင်းကြောင့် အနောက်မြောက် အိုင်အိုဝါပြည်နယ်မှ အင်ဒီးယန်းဆိုင်ကယ်ထုတ်လုပ်မှုကို ပိုလန်၌ ပြောင်းရွှေ့ထုတ်လုပ်ရန် စဉ်းစားနေကြောင်း၊ မည်သည့်အရာမျှ မသေချာသေးကြောင်း၊ သက်သာရာသက်သာကြောင်း ကြံဆနေရကြောင်း ပြောဆိုခဲ့သည်။
    ဟာလီဒေးဗစ်ဆန်သည် ဥရောပတွင်ရောင်းချမည့်ဆိုင်ကယ်များအတွက် စက်ရုံများကို အမေရိကန်မှ ဥရောပသို့ ပြောင်းရွှေ့ခြင်းဖြင့် လက်စားချေအခွန်တိုးကောက်ခံရခြင်းမှ ရှောင်လွှဲမည်ဖြစ်ကြောင်း မကြာမီက ကြေညာခဲ့သည်။ သမ္မတထရမ့်သည် ဥရောပ၏ သံမဏိနှင့် အလျူမီနီယမ်သွင်းကုန်များအပေါ် အခွန်တိုးမကောက်မီ အခြားနိုင်ငံများ၏ ကုန်သွယ်ရေးအတားအဆီးများကြောင့် အမေရိကန်လုပ်ငန်းများအထိနာကြောင်း ပြောဆိုရာတွင် ဟာလီဒေးဗစ်ဆန်ကို ဥပမာပေးခဲ့သည်။ ဥရောပသမဂ္ဂသည် ဒေါ်လာ ၃ ဒသမ ၂၅ ဘီလျံ တန်ဖိုးရှိ အမေရိကန်ကုန်စည်များကို လက်တုံ့ပြန်အခွန်တိုးကောက်ရန် စီစဉ်ခဲ့ရာ အမေရိကန်လုပ်ဆိုင်ကယ်များလည်း ပါဝင်သည်။
    အခွန်နှုန်းသစ်ကြောင့် အမေရိကန်မှ ဥရောပသို့တင်ပို့သည့် ဆိုင်ကယ်တစ်စီးလျှင် ပျမ်းမျှ ဒေါ်လာ ၂၂၀ဝ ပိုမိုကုန်ကျတော့မည်ဖြစ်ကြောင်း ဟာလီဒေးဗစ်ဆန်က ပြောဆိုခဲ့သည်။ ပိုလာရစ်ကလည်း အခွန်နှုန်းသစ်ကြောင့် ၂၀၁၈ အတွင်း နောက်ထပ် ဒေါ်လာ ၁၅ သန်း ပိုမိုကုန်ကျမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ပိုလာရစ်ကုမ္ပဏီ၏ အိုင်အိုဝါဆိုင်ကယ်စက်ရုံတွင် ဝန်ထမ်း ၆၅၀ ရှိသည်။