ကုန်သွယ်ရေးတင်းမာမှုများနှင့်အတူ ဇွန်လ တရုတ်ကုန်ထုတ်လုပ်မှုအားပျော့ခဲ့

ကုန်သွယ်ရေးတင်းမာမှုများနှင့်အတူ ဇွန်လ တရုတ်ကုန်ထုတ်လုပ်မှုအားပျော့ခဲ့

အမေရိကန်နှင့်တရုတ်အကြား ကုန်သွယ်ရေးတင်းမာမှုများနှင့်အတူ ဘဏ်ချေးငွေများအပေါ် တရုတ်အစိုးရထိန်းချုပ်မှု တင်းကျပ်လာခြင်းကြောင့် ဇွန်လအတွင်း တရုတ်နိုင်ငံ၏ ကုန်ထုတ်လုပ်မှုအားပျော့ခဲ့ကြောင်း ဆန်းစစ်လေ့လာချက်တစ်ရပ်အရ သိရသည်။

တရုတ်အမျိုးသားစာရင်းအင်းဗျူရို၏ ဝယ်ယူရေးစီမံမှုအညွန်းကိန်းသည် ၅၁ ဒသမ ၉ မှ ၅၁ ဒသမ ၅ သို့ လျော့ကျခဲ့သည်။ တရုတ်သည် အမေရိကန်က သွင်းကုန်ခွန်တိုးမြှင့်ကောက်ခံမည့် ခြိမ်းခြောက်မှု၊ ကုန်သွယ်ရေးနှင့် နည်းပညာအငြင်းပွားမှုတို့နှင့် ရင်ဆိုင်နေရသည်။ သို့သော် အစိုးရက ကြွေးမြီမြင့်တက်လာမှုကို လျော့နည်းရန် ချေးငွေများကို ထိန်းချုပ်မှု တင်းကျပ်ခဲ့ကတည်းက စီးပွားရေးအညွန်းကိန်းများ ကျဆင်းခဲ့သည်ဟုလည်း သိရသည်။
    ပြည်ပပို့ကုန်များသည် တရုတ်စီးပွားရေးတွင် အခန်းကဏ္ဍ အနည်းငယ်ကျုံ့သွားသော်လည်း ကုန်ထုတ်လုပ်မှုကဏ္ဍအတွက် အလုပ်အကိုင်သန်းချီ ဖန်တီးပေးနိုင်ဆဲဖြစ်သည်။ ပို့ကုန်များ၏အညွန်းကိန်း၊ အစီအစဉ်သစ်နှင့် ကုန်ထုတ်လုပ်မှု အားလုံး ဇွန်လတွင် အားနည်းခဲ့သည်။ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့(အိုင်အမ်အက်ဖ်)က ယခုနှစ်အတွက် တရုတ်စီးပွားရေးတိုးတက်မှုသည် လွန်ခဲ့သည့်နှစ်က တိုးတက်မှု ၆ ဒသမ ၉ ရာခိုင်နှုန်းထက်လျော့နည်းသော်လည်း ၆ ဒသမ ၆ ရာခိုင်နှုန်းတွင် ကြံ့ကြံ့ခံရပ်တည်နိုင်မည်ဟု ခန့်မှန်းသည်။ ကာလကြာရှည်အနေဖြင့်မူ ၂၀၂၃ တွင် တရုတ်စီးပွားရေးတိုးတက်မှုနှုန်း ၅ ဒသမ ၅ နှုန်းထိ ကျဆင်းသွားနိုင်ကြောင်းလည်း ခန့်မှန်းခဲ့သည်။