ဝါရှင်တန် ဇူလိုင် ၁
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ တင်းမာသည့် လူဝင်မှုကြီးကြပ်ရေးမူဝါဒများကြောင့် မက္ကဆီကိုနယ်စပ်မှတစ်ဆင့် အမေရိကန်နိုင်ငံတွင်းသို့ တရားမဝင် ဝင်ရောက်သည့် မိသားစုဝင်များ ခွဲနေရခြင်းကို ဆန့်ကျင်သည့်အနေဖြင့် ဇွန် ၃၀ ရက်တွင် အမေရိကန်နိုင်ငံတစ်ဝန်း၌ ချီတက်ဆန္ဒပြမှုများကို ပြုလုပ်ခဲ့သည်။
အိမ်ဖြူတော်နားရှိ လာဖေယက်ရင်ပြင်ထဲ၌ ဆန္ဒပြသူများစုဝေးခဲ့ပြီး လွှတ်တော်အဆောက်အအုံဘက်သို့ ဆက်လက်ချီတက်ခဲ့သည်။ နယ်စပ်တွေကိုမယုံသလို တံတိုင်းတွေကိုလည်း လက်မခံကြောင်း ဆန္ဒပြသူတစ်ဦးဖြစ်သည့် ဆီဘက်ရှန်းမာဒီနာ-တာယက်ကပြောဆိုခဲ့သည်။ ဆန္ဒပြသူများသည် မိဘများ၊ ဆွေမျိုးများနှင့် ခွဲခွာရသည့်အတွက် ငိုကြွေးနေသည့် ကလေးများ၏အသံများကိုလည်း အသံချဲ့စက်များဖြင့် ထုတ်လွှင့်ခဲ့သည်။
နေပူပူထဲတွင် ဆန္ဒပြသူများ ချီတက်ခဲ့ကြခြင်းဖြစ်သည်။ အပူချိန်သည် ၉၀ ဒီဂရီဖာရင်ဟိုက်( ၃၃ ဒီဂရီဆဲစီးယပ်စ်) ရှိခဲ့သည်။ သမ္မတထရမ့်သည် နယူးဂျာဆီ ဘတ်မင်စတာရှိ ထရမ့်ဂေါက်ကွင်း၌ ရှိနေသောကြောင့် ဆန္ဒပြသူများ၏အသံကို မကြားခဲ့ရချေ။
ဘတ်မင်စတာ၌လည်း ဆန္ဒပြသူများသည် ထရမ့်လိုက်ပါလာသော ယာဉ်တန်းသွားနေသည့် လမ်းတစ်လျှောက်တွင် ဆန္ဒပြမှုများကိုပြုလုပ်ခဲ့သည်။ ရွှေ့ပြောင်းခိုလှုံသူများသည် ရာဇဝတ်မှုကျူးလွန်သူများမဟုတ်ကြောင်း ဆန္ဒပြသူတစ်ဦးကပြောဆိုခဲ့သည်။
အမေရိကန်နိုင်ငံတောင်ပိုင်းရှိ နယ်စပ်သို့ ရွှေ့ပြောင်းထောင်ပေါင်းများစွာ လစဉ်လတိုင်းရောက်ရှိနေခြင်းကို တားဆီးနိုင်ရန်အတွက် မေလအစောပိုင်းမှစ၍ ထရမ့်သည် နယ်စပ်ကိုတရားမဝင်ဖြတ်ကျော်လာသည့် လူကြီးများကို ဖမ်းဆီးရန် ညွှန်ကြားခဲ့သည်။ အမေရိကန်နှင့် မက္ကဆီကိုနယ်စပ်ကိုဖြတ်ကျော်လာသူ အများစုသည် ဆင်းရဲမွဲတေပြီး ရာဇဝတ်ဂိုဏ်းများ၏ တိုက်ခိုက်မှုများကို ကြောက်လန့်သောကြောင့် ထွက်ပြေးတိမ်းရှောင်လာသူများဖြစ်ကြသည်။
ထရမ့်အစိုးရ၏ဖိနှိပ်မှုကြောင့် ကလေးငယ်များနှင့် မိဘများခွဲခွာနေရပြီး ကလေးငယ်များအား သံကြိုးများဖြင့် ချည်နှောင်ထားသည့် အခန်းများထဲတွင်ပိတ်လှောင်ထားနေသည့် ဓာတ်ပုံများ ပျံ့နှံ့ခဲ့ပြီးနောက် နိုင်ငံတွင်းသာမက ပြည်ပကပါ ဝေဖန်ပြစ်တင်မှုများရှိလာခဲ့သည်။ နောက်ပိုင်းတွင် ထရမ့်သည် မိသားစုများကို ခွဲထားခြင်းကို အဆုံးသတ်ရန် ညွှန်ကြားချက်ထုတ်ပြန်ခဲ့သော်လည်း လူဝင်မှုရေးရာရှေ့နေများကမူ သားသမီးများနှင့် မိဘများအား ပြန်လည်ပေါင်းစည်းပေးရန် အချိန်ယူရဦးမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
ကလေး ၂၀ဝ၀ ခန့် မိဘများနှင့် ခွဲနေရကြောင်း လွန်ခဲ့သောအပတ်တွင် ထုတ်ပြန်ခဲ့သည့် စာရင်းအင်းများတွင်ဖော်ပြထားသည်။ ဇွန် ၂၈ ရက်တွင် ထရမ့်၏လူဝင်မှုကြီးကြပ်ရေးမူဝါဒများကိုဆန့်ကျင်သည့်အနေဖြင့် ကွန်ဂရက်စ်အဆောက်အအုံအတွင်းဝင်ရောက်ဆန္ဒပြသူများအား ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးမှုများပြုလုပ်ခဲ့ရာ လွှတ်တော်အမတ်တစ်ဦးအပါအဝင် အမျိုးသမီး ၅၀ဝ ကျော် အဖမ်းခံခဲ့ရသည်။
ဇွန် ၃၀ ရက် ဆန္ဒပြမှုသည် လူအင်အားအများဆုံး ဆန္ဒပြမှုတစ်ခုဖြစ်သည်။ ဖီလာဒယ်ဖီယာ၊ဘော်စတန်၊ ဒန်ဗာ၊ ရှီကာဂိုနှင့် ပေါ့တ်လန်တို့၌လည်း ဆန္ဒပြမှုများရှိခဲ့သည်။ လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်သက်ရောက်မှုရှိရေးဌာန( အိုင်စီအီး)သည် ဖမ်းဆီးမှုများနှင့် ထရမ့်အစိုးရ၏လူဝင်မှုကြီးကြပ်ရေးဖိနှိပ်မှုများကို တာဝန်ယူလုပ်ဆောင်နေရသော်လည်း နိုင်ငံရေးသမားများ၊ ရွှေ့ပြောင်းများနှင့် လူဝင်မှုလိုလားသော ဆန္ဒပြသူများက ဌာနကိုဖျက်သိမ်းပေးရန် တောင်းဆိုခဲ့သည်။

















