ဟောင်ကောင် ဇူလိုင် ၁
ဟောင်ကောင်ကျွန်းအား ဗြိတိန်ထံမှ တရုတ်သို့ လွှဲပြောင်းခဲ့သည့် နှစ်ပတ်လည်နေ့ အလံလွှင့်ထူမှုအခမ်းအနားကို ဇူလိုင် ၁ ရက် တွင် ကျင်းပနေစဉ် ယင်းကျင်းပရာနေရာသို့ ဒီမိုကရေစီအရေးဆန္ဒပြသူ ၂၀ ဦးခန့် မရောက်ရှိနိုင်ရေးအတွက် ရဲတပ်ဖွဲ့က တားဆီးခဲ့ရသည်။
ဆန္ဒပြသူများသည် ဒီမိုကရေစီစနစ်သေဆုံးပြီဟု အဓိပ္ပာယ်ရသည့် ခေါင်းတလားတစ်ခုကို သယ်ဆောင်ပြီး တရုတ်ရှိ တစ်ပါတီအုပ်ချုပ်ရေးစနစ်ကို ဆန့်ကျင်ကြောင်း ကြွေးကြော်သံများကိုရွတ်ဆိုကာ ဟောင်ကောင်အုပ်ချုပ်ရေးမှူးကို ကျွန်းသားတိုင်းမဲပေးရွေးချယ်ခွင့်ပေးရေးနှင့် ကွယ်လွန်သူ ငြိမ်းချမ်းရေးနိုလ်ဘယ်ဆုရှင် လျူရှောင်ပို၏ဇနီး လျူရှားကို ပြန်လွှတ်ပေးရေးတို့အတွက် တောင်းဆိုခဲ့သည်။
ဝိတိုရိယဆိပ်ကမ်းနားတွင် ပြုလုပ်ခဲ့သည့် အခမ်းအနားကို အနှောင့်အယှက်မရှိဘဲ ဆက်လက်ပြုလုပ်နိုင်ခဲ့သည်။ အခမ်းအနားသို့ တရုတ်၏ထောက်ခံမှုရရှိထားသော ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကယ်ရီလင်တက်ရောက်ခဲ့သည်။ ဟောင်ကောင်၏အနာဂတ်အပေါ် ယုံကြည်မှုရှိကြောင်း ကယ်ရီလင်က ဇူလိုင် ၁ ရက် အနှောင်းပိုင်းတွင် ပြုလုပ်ခဲ့သည့် အခြားအခမ်းအနားတစ်ခုတွင်ပြောဆိုခဲ့သည်။
ဗြိတိန်၏ ရာစုတစ်ခုကျော်ကြာ အုပ်ချုပ်ခံခဲ့ရပြီးနောက် ဟောင်ကောင်သည် ၁၉၉၇ ခုနှစ်မှစ၍ တရုတ်လက်အောက်သို့ ရောက်ရှိခဲ့သည်။ အကူးအပြောင်းကာလ နှစ် ၅၀ အတွင်း ဟောင်ကောင်သည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကိုရရှိပြီး တရားဥပဒေစိုးမိုးမှု၊ ကိုယ်ပိုင်တရားရေးနှင့် ဘဏ္ဍာရေးစနစ်အစရှိသည်တို့ကို ခံစားခွင့်ရှိမည်ဖြစ်ကြောင်း တရုတ်က ကတိပြုခဲ့သည်။
သို့သော် ဟောင်ကောင်၏အချုပ်အခြာအာဏာကိုထိပါးလာမည်ဆိုပါက ယင်းလွတ်လပ်ခွင့်များကန့်သတ်ခံရမည်ဖြစ်ကြောင်း တရုတ်အာဏာရ ကွန်မြူနစ်ပါတီက သတိပေးခဲ့ပြီးဖြစ်သည်။ တရုတ်က ဟောင်ကောင်အုပ်ချုပ်ရေးမှူးရွေးချယ်မှုတွင် ဝင်ရောက်စွက်ဖက်နေခြင်းကို ဆန့်ကျင်သည့်အနေဖြင့် ၂၀၁၄ ခုနှစ်တွင် လူငယ်နိုင်ငံရေးလှုပ်ရှားသူများဦးဆောင်သည့် ဆန္ဒပြသူများက လူအင်အားများပြားစွာဖြင့် ချီတက်ဆန္ဒပြခဲ့ပြီးနောက် တရုတ်အစိုးရသည် ဟောင်ကောင်၏အုပ်ချုပ်ရေးတွင် သွယ်ဝိုက်သော နည်းဖြင့် ဝင်ရောက်စွက်ဖက်မှုများကို ပိုမိုပြုလုပ်လာခဲ့သည်။
တရုတ်၏အချုပ်အခြာအာဏာနှင့် တည်ငြိမ်မှုတို့ကို ခြိမ်းခြောက်သည့် ဟောင်ကောင်ရှိ မည်သည့်အပြုအမူကိုမဆို လုံးဝသည်းခံမည်မဟုတ်ကြောင်း တရုတ်သမ္မတရှီကျင့်ဖျင်က ယမန်နှစ်တွင် ပြုလုပ်ခဲ့သည့် လွှဲပြောင်းမှု နှစ် ၂၀ ပြည့် အခမ်းအနားတွင်ပြောဆိုခဲ့သည်။

















