နယူးဂျာစီ ဇူလိုင် ၁
အီရန်နှင့် ဗင်နီဇွဲလား၏ ဝရုန်းသုန်းကားအခြေအနေကြောင့် လိုအပ်ပါက ဆော်ဒီအာရေဗျသည် ရေနံစည် ၂ သန်း တိုးတက်ထုတ်လုပ်ပေးဖွယ်ရှိသည်ဟု ဘုရင်ဆဲလ်မန်က ကတိပေးလိုက်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုခဲ့သည်။
သမ္မတထရမ့်နှင့် ဘုရင်ဆဲလ်မန်တို့ ဖုန်းဖြင့်ဆက်သွယ်ဆွေးနွေးခဲ့ပြီးနောက် ဆဲလ်မန်က ယင်းသို့ကတိပေးကြောင်း ထရမ့်က ဇွန် ၃၀ ရက်၌ ပြောဆိုခဲ့ခြင်းဖြစ်သည်။ ယင်းနောက် ဆော်ဒီနိုင်ငံပိုင်သတင်းဌာနက ရေနံဈေးကွက်တည်ငြိမ်ရေးနှင့် ကမ္ဘာ့စီးပွားရေးတိုးတက်ရေး ခေါင်းဆောင်နှစ်ဦးဆွေးနွေးခဲ့သည်ဟု ထုတ်ပြန်ခဲ့သော်လည်း အသေးစိတ်အချက်များ မပါဝင်ချေ။
ထရမ့်အစိုးရက ၂၀၁၅ အီရန်နျူကလီးယားသဘောတူညီချက်မှ နှုတ်ထွက်ခဲ့ပြီးနောက် အီရန်မှ ရေနံဝယ်ယူခြင်းကို ရပ်ဆိုင်းရန် မဟာမိတ်များကို တိုက်တွန်းခြင်းဖြင့် ရေနံဈေးများ မြင့်တက်ခဲ့သည်။ ဗင်နီဇွဲလားတွင် မတည်ငြိမ်မှုများ ဆက်လက် ဖြစ်ပွားနေခြင်းနှင့် လစ်ဗျားတွင် ရေနံမြေထိန်းချုပ်ရေးတိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့်လည်း ရေနံဈေးများ မြင့်တက်ခြင်းကိုအားပေးခဲ့သည်။
လွန်ခဲ့သည့်အပတ်က ဆော်ဒီဦးဆောင်သော ရေနံထုတ်လုပ်တင်ပို့သည့် အိုပက်အဖွဲ့နှင့် အိုပက်မဟုတ်သည့် ရေနံထုတ်လုပ်သူများတွေ့ဆုံကာ တစ်ရက်လျင် ရေနံစိမ်း စည် ၁ သန်း တိုးမြှင့်ထုတ်လုပ်ရန် သဘောတူခဲ့ကြသည်။ ပုံမှန်အားဖြင့် နွေရာသီကာလများတွင် ရေနံလိုအပ်ချက်မြင့်မားမှုကို အမေရိကန်က ဦးဆောင်သည်။ လက်ရှိ အမေရိကန်တွင် ဓာတ်ဆီတစ်ဂါလံ ၂ ဒသမ ၈၅ ဒေါ်လာဖြစ်ပြီး ယမန်နှစ်က ၂ ဒသမ ၂၃ ဒေါ်လာသာဖြစ်သည်။
ဆော်ဒီသာ အမှန်တကယ် တစ်ရက် ရေနံစည် ၂ သန်းတိုးမြှင့်ထုတ်ပါက တစ်စည်လျှင် ၂ ဒေါ်လာမှ ၃ ဒေါ်လာအထိ ဈေးကျသွားနိုင်ကြောင်း ကျွမ်းကျင်သူများက ပြောဆိုသော်လည်း သမ္မတထရမ့်၏ ပြောဆိုချက်တွင် တစ်ရက် သို့မဟုတ် တစ်ပတ်အတွက် စည် ၂ သန်း တိုးတက်ထုတ်လုပ်ပေးနိုင်ခြင်းဖြစ်ကြောင်း သဲသဲကွဲကွဲ ဖော်ပြမထားပေ။ ဆော်ဒီအာရေဗျသည် လက်ရှိ တစ်ရက် ရေနံစည် ၁၀ သန်းခန့်ထုတ်လုပ်လျက်ရှိသည်။
ကမ္ဘာ့ဈေးကွက်တွင် ဘုရင့်ရေနံစိမ်းဈေးသည် တစ်စည် ၇၉ ဒသမ ၄၂ ဒေါ်လာဖြစ်ပြီး အမေရိကန်၏ စံရေနံစိမ်းဈေးမှာ တစ်စည်လျှင် ၇၄ ဒသမ ၁၅ ဒေါ်လာ ဖြစ်သည်။

















