ယူနက်စကိုကမ္ဘာ့သမိုင်းအမွေအနှစ် အမည်စာရင်းသစ်များထုတ်ပြန်ကြေညာ

ယူနက်စကိုကမ္ဘာ့သမိုင်းအမွေအနှစ် အမည်စာရင်းသစ်များထုတ်ပြန်ကြေညာ

ဂျနီဗာ    ဇူလိုင်  ၁
    ယူနက်စကို၏ ကမ္ဘာ့သမိုင်းအမွေအနှစ် အမည်စာရင်းသစ်များကိုထုတ်ပြန်ကြေညာလိုက်ပြီဖြစ်ရာ တောင်ကိုရီးယားမှ တောင်ပေါ် ဘုန်းကြီးကျောင်းများ၊ ဆော်ဒီအိုအေစစ်နှင့်မွမ်ဘိုင်းအနုပညာဆန်ဆန် အိမ်ရာအဆောက်အဦများ ပါဝင်လာကြကြောင်း သိရသည်။ 

ယူနက်စကိုကမ္ဘာ့သမိုင်းအမွေအနှစ်စာရင်းတွင် ပါဝင်လာသဖြင့် ထိုနေရာများသည် နိုင်ငံတကာဥပဒေများအရလည်း အကာအကွယ်ရရှိမည်ဖြစ်သည်။ ယူနက်စကို၏ သမိုင်းအမွေအနှစ်ရွေးချယ်ရေးအဖွဲ့သည် ဘာရိန်းတွင် တွေ့ဆုံဆွေးနွေးကာယဉ်ကျေးမှု၊  သမိုင်းနှင့်သိပ္ပံတန်ဖိုးများအရ ကမ္ဘာ့သမိုင်းအမွေအနှစ်စာရင်း ထည့်သွင်းသင့်သည့် နေရာများကိုရွေးချယ်ခဲ့ကြခြင်း ဖြစ်သည်။ ဆော်ဒီနိုင်ငံရှိ အယ်အာဆာ အိုအေစစ်၊ အီရန်ရှိ ဆာဆာနစ် ရှေးဟောင်းနယ်မြေ စသည်တို့လည်း ပါဝင်သည်။ ရွေးချယ်ခဲ့သည့်အနက် အချို့သောနေရာများမှာအောက်ပါအတိုင်း ဖြစ်သည်။ 
    အိုမန်နိုင်ငံရှိရှေးဟောင်းခါဟတ် ဆိပ်ကမ်းမြို့သည်လည်း သမိုင်းအမွေအနှစ်အဖြစ် သတ်မှတ်ခံရသည်။ ၁၁ ရာစုနှင့် ၁၅ ရာစုအကြားတွင် ကုန်စည်ကူးသန်းမှု အဓိကဆိပ်ကမ်းမြို့ကြီး ဖြစ်ခဲ့ပြီးအာရေဗျအရှေ့ပိုင်းနှင့် ကျန်ကမ္ဘာ့နိုင်ငံများကြား အဓိကကုန်သွယ်ဆိပ်ကမ်းလမ်းဆုံမြို့အဖြစ် သမိုင်းတန်ဖိုး ကြီးမားခဲ့ကြောင်းဖြင့် ယူနက်စကိုကပြောသည်။ 
    ဂျပန်နိုင်ငံနီဂါဆာကီရှိ ခရစ်ယာန်ကိုးကွယ်မှုဆိုင်ရာ တိမ်မြုပ်နေသောနေရာများလည်း သမိုင်းအမွေအနှစ်စာရင်းတွင် ပါဝင်လာသည်။ ကျူရှူးကျွန်းပေါ်ရှိထိုနေရာသည် ရွာ ၁၀ ရွာခန့် ပါဝင်ပြီးရဲတိုက်တစ်လုံး၊ ဘုရားကျောင်းတစ်ကျောင်းပါဝင်ကာ ခရစ်ယာန်ဘာသာကိုဂျပန်တွင် ပိတ်ပင်ထားသည့် ၁၈ ရာစုမှ ၁၉ ရာစုအကြားတွင် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ အစောပိုင်းခရစ်ယာန် သာသနာပြုများ၏ အားထုတ်မှုများကို ထင်ဟပ်နေသော သမိုင်းဝင်နေရာတစ်ခုဖြစ်သည်ဟု ယူနက်စကိုကပြောသည်။ 
    အိန္ဒိယနိုင်ငံမွမ်ဘိုင်းမြို့ရှိ အနုပညာဆန်ဆန် တည်ဆောက်ထားသော Art Deco တိုက်ခန်းတွဲ အဆောက်အအုံများလည်း ပါဝင်သည်။ မွမ်ဘိုင်းသည် ၁၉ ရာစုခေတ်  ကုန်သွယ်ရေး ဗဟိုချက်ဒေသတစ်ခုဖြစ်သည်နှင့်အညီ မြို့ပြစီမံကိန်းကိုလည်းအနုပညာ ပေါင်းစပ်ရေးဆွဲကာ လူနေရန်နှင့် စီးပွားရေးလုပ်ငန်းသုံးရန် အဆောက်အဦများကိုအနုပညာဆန်ဆန်  ဆောက်လုပ်ခဲ့သည်။ အဆောက်အအုံများသည် ရုပ်ရှင်ရုံ၊ လူနေတိုက်ခန်း၊ ဆေးရုံများပါဝင်ပြီး အရောင်စုံဖြင့် တည်ဆောက်ထားသည်။