မန္တလေးတိုင်းဒေသကြီး အမရပူရမြို့တွင် အမွေကိစ္စစကားပြောဆိုသည်ကို မကျေနပ်သဖြင့် ညီအစ်ကို ၂ ဦး ဓားခုတ်မှု ဖြစ်ပွားခဲ့ကြောင်း ဇူလိုင် ၂ ရက်တွင် အမရပူရနယ်မြေရဲစခန်းမှ သိရသည်။
ဇူလိုင် ၁ ရက် ညနေ ၅ နာရီ အချိန်ခန့်တွင် အမရပူရမြို့အိုးတောင်ရပ်ကွက် မှိုက်စုတောင်ရပ်တွင် ဓားခုတ်မှုဖြစ်ပွားကြောင်း သတင်းအရ အမရပူရမြို့မရဲစခန်းမှူး ဒုရဲမှူးဆန်းဝင်းနှင့် နယ်ထိန်းခေါင်းဆောင်ရဲအုပ်မင်းပိုင်ဦးတို့ကသွားရောက်စစ်ဆေးခဲ့သည်။
အဆိုပါနေရာတွင် မှိုက်စုတောင်ရပ်နေ မျိုးခိုင်ထွန်း(ခ) ဗွေလန် တွင် ဝဲဘက်ဦးခေါင်းဂျိုစောင်း နှင့် ဝဲဘက် လည်ပင်းတို့တွင် ပြတ်ရှ ဒဏ်ရာများရထားပြီး ဝင်းလှိုင်တွင် မျက်နှာနှင့် ဦးခေါင်းဝဲ/ယာချိုစောင်းတို့တွင်ဖူးရောင်ပေါက်ပြဲဒဏ်ရာနှင့် လှမျိုးအောင်၏ဝဲဘက်လက်မှ လက်ခလယ်နှင့်လက် သူကြွယ် လက်ချောင်း ၂ ချောင်း ၁ လက်မခန့်ပြတ်ထွက်ဒဏ်ရာများ အသီးသီးရရှိထားသည်ကိုတွေ့ရှိသဖြင့် အမရပူရဆေးရုံသို့တင်ပို့ကုသခဲ့ရသည်။
'' ညီအစ်ကိုအချင်းချင်း အမွေကိစ္စ စကားများရာကနေဓားခုတ်မှုဖြစ်တယ်လို့သိရတယ်။ ဓားခုတ် ခံရတဲ့ လူနာအခြေအနေက စိုးရိမ်ရတဲ့ အနေအထားမရှိဘူး။ လောလောဆယ် ဆေးကုသမှုခံ ယူနေ တယ်'' ဟု အမရပူရနယ်မြေရဲစခန်းမှ ဒုရဲအုပ် ပွင့်ဖူးခိုင်က ပြောသည်။
သက်ဆိုင်ရာ၏ စုံစမ်းချက်အရ လွန်ခဲ့သော ၃ ရက်ခန့်က အမွေကိစ္စ စကားပြောဆိုမှုနှင့်ပတ်သက်၍ မကျေနပ်သဖြင့် အစ်ကိုဖြစ်သူ ဝင်းလှိုင် က ၄င်း၏ နေအိမ်အနီးလမ်းဆုံတွင် မျိုးခိုင်(ခ)ဗွေလန် ကို ကိုင်းခုတ်ဓားဖြင့် ခုတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ဓားဖြင့်ခုတ်စဉ် မျိုးခိုင်(ခ) ဗွေလန် မှ ဓားကို လုယူလွှင့်ပစ်ခဲ့ပြီးအုတ်ခဲဖြင့်ပြန်လည်ထုနှက်သတ်ပုတ်ခဲ့သဖြင့် ဝင်းလှိုင်တွင်လည်း ထိခိ်ုက်ပေါက်ပြဲဒဏ်ရာများရရှိခဲ့ပြီး ၄င်းတို့နှစ်ဦးထိုသို့ခိုက်ရန်ဖြစ်ပွား သည်ကို ဝင်ရောက်ဖြန့်ဖြေသည့် ့ လှမျိုးအောင်မှာလည်း ဓားဖြင့် အခုတ်ခံရသည့်ဒဏ်ရာများရရှိခဲ့ကြောင်း ရဲစခန်းမှ သိရသည်။
သက်ဆိုင်ရာက အခင်းဖြစ်စဉ်က ဝင်းလှိုင် အသုံးပြုခဲ့သည့် အရိုး ၇ လက်မ အသွား ၁၈ လက်မ ဗျက် ၁ လက်မ ခွဲခန့်ရှိ ကိုင်းခုတ်ဓားကို သိမ်းဆည်းခဲ့ပြီး အများပြည်သူသွားလာသည့်လမ်းပေါ်တွင် ဓားမအရှည် အုတ်ခဲများကိုင်ဆောင်၍ အပြင်းအထန်ဒဏ်ရာများရရှိအောင် သတ်ပုတ်နှောင့်ယှက်ကြသူ ဝင်းလှိုင် နှင့် မျိုးခိုင်(ခ)ဗွေလန် တို့ညီအစ်ကို ၂ ဦးကို အရေးယူပေးရန်တိုင်ကြားခဲ့သည်။
အမရပူရမြို့မရဲစခန်းက(ပ) ၂၄၅/ ၁၈ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၂၅/၃၂၆/ ၁၆၀ အရ အမှုဖွင့်အရေးယူထားသည်။
















