လုပ်ငန်းခွင်အတွင်း ငြင်းခုန်ရာက သံတုတ်ပိုင်းဖြင့် အရိုက်ခံရပြီးသေဆုံး

လုပ်ငန်းခွင်အတွင်း ငြင်းခုန်ရာက သံတုတ်ပိုင်းဖြင့် အရိုက်ခံရပြီးသေဆုံး

ရေးမြို့နယ်တွင် လုပ်ငန်းခွင်အတွင်း ငြင်းခုန်ရာက စကားများရန်ဖြစ်ခဲ့ပြီးနောက် သံတုတ်ပိုင်းဖြင့်ရိုက်ခဲ့သောကြောင့် ဒဏ်ရာရသေဆုံးခဲ့မှု ဇူလိုင် ၁ ရက်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။ 

ဇွန် ၃၀ ရက်ညနေ ၆ နာရီ  အချိန်ခန့် ရေးမြို့နယ် သောင်ပြင်ကျေးရွာနေ ဒေါ်လှကြည် သည် လယ်တောမှ နေအိမ်သို့ပြန်လာစဉ် သားဖြစ်သူ စိုးထိုက်(၂၅)နှစ်မှာ နေအိမ်ပေါ်တွင် ဒဏ်ရာများဖြင့်လဲနေ သည်ကိုတွေ့ရှိရသဖြင့် မေးမြန်းခဲ့သည်။
ထိုသို့မေးမြန်းရာညနေ ၅ နာရီ မိနစ် ၄၀ အချိန်ခန့်က တစ်ရွာတည်းနေ အဝေါ့(ခ) ဗညားဦး(၂၅)နှစ် နှင့် ဦးစိုးမွန် (စုံစမ်းဆဲ)တို့နှင့်အတူ (တွင်ခုံလုပ်ငန်း)အလုပ်စက်ရုံတွင် အလုပ်အတူတူလုပ်ကိုင်နေစဉ် စိုးထိုက်နှင့် အဝေါ့(ခ) ဗညားဦးတို့(၂)ဦးမှာ တစ်ယောက်တစ်ခွန်းငြင်းခုန်စကားပြောရာမှ စကားများရန်ဖြစ်ခဲ့သည်။
ထိုသို့စကားများစဉ် အဝေါ့(ခ) ဗညားဦးမှ အနီးရှိသံတုတ်ပိုင်းဖြင့်ရိုက်နှက်ခဲ့သော ကြောင့်ရရှိခဲ့သည့် ဒဏ်ရာဖြစ်ကြောင်းပြောပြသိရှိခဲ့ရသည်ဟုဆိုသည်။ 
လမိုင်းနယ်မြေရဲစခန်းမှူး ရဲအုပ် ဘကြိုင်နှင့် အဖွဲ့ဝင်များ၏ စစ်ဆေးချက်များအရ  စိုးထိုက်တွင် ယာနဖူးကွဲပြဲဒဏ်ရာ(၁)ချက်၊ ယာမျက်လုံး ဖူးရောင်ဒဏ်ရာ(၁)ချက်တို့ရရှိထားသည်ကို တွေ့ရသဖြင့် လမိုင်းမြို့ဆေးရုံ တွင် အတွင်းလူနာ(စိုးရိမ်ရ)အဖြစ် တင်ပို့ကုသခဲ့ပြီး သားဖြစ်သူကို ထိခိုက်ဒဏ်ရာ ရရှိအောင်ပြုလုပ်သူ အဝေါ့(ခ) ဗညားဦးကို အရေးယူပေးပါရန် တိုင်ကြားခဲ့သည်။
လမိုင်းနယ်မြေ ရဲစခန်းက(ပ)၁၉/၁၈ ရာဇသတ်ကြီးပုဒ်မ ၃၂၆ အရ အမှုဖွင့် အရေးယူခဲ့ပြီး တိမ်းရှောင်နေသူ ကိုစုံစမ်းနေစဉ် ဇူလိုင် ၁ ရက်နံနက် ၁၁ နာရီ ၃၅ မိနစ်အချိန်ခန့်တွင် စိုးထိုက်မှာ ရရှိသည့် ဒဏ်ရာများဖြင့်သေဆုံးခဲ့သောကြောင့် မူလဖွင့်လှစ်ထားသည့် ရာဇသတ်ကြီးပုဒ်မ ၃၂၆ မှ ၃၀၂ သို့ ပြောင်းလဲဖွင့်လှစ် စုံစမ်းလျက်ရှိကြောင်း သိရသည်။