ဒေလီရှိအိမ်တစ်အိမ်အတွင်း မိသားစု ၁၁ ဦးလုံး သေဆုံးနေ

ဒေလီရှိအိမ်တစ်အိမ်အတွင်း မိသားစု ၁၁ ဦးလုံး သေဆုံးနေ

ဒေလီ     ဇူလိုင် ၂ 
    အိန္ဒိယနိုင်ငံ မြို့တော်  ဒေလီတွင် မိသားစု ၁၁ ဦးလုံး နေအိမ်အတွင်း သေဆုံးလျက်ရှိကြောင်း တွေ့ရပြီး ၁၀ ဦးသည် ဆွဲကြိုးချလျက်သား သေဆုံးနေခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။ 

အသက် ၇၀ အရွယ် အမျိုးသမီးကြီးတစ်ဦးသာ ကြမ်းပေါ်တွင် လဲကျလျက်သား သေဆုံးနေခြင်း ဖြစ်သည်။ ဆွဲကြိုးချလျက် သေဆုံးသူ ၁၀ ဦးလုံးသည် မျက်လုံးနှင့် ပါးစပ်ကို အဝတ်များစည်းထားကာ၊ လက်နောက်ပြန်  ကြိုးချည်လျက်သားနှင့်ဖြစ်ကြောင်းလည်း သိရသည်။ ထိုသို့ မိသားစုလိုက် ဆွဲကြိုးချ သေဆုံးရခြင်း အကြောင်းရင်းကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး လူသတ်မှုလည်း ဖြစ်နိုင်ခြေရှိကြောင်း ရဲက ပြောသည်။ ထို့ပြင် အစွန်းရောက် ယုံကြည်ကိုးကွယ်မှု ကျင့်စဉ်တစ်ရပ်ရပ်ကြောင့် ယခုလို လုပ်ဖြစ်ကြစေသည့် သက်သေမျိုးကိုလည်း တွေ့ရှိရကြောင်း ရဲက ပြောသည်။ 
    သေဆုံးသူ မိသားစု၏ နေအိမ်အတွင်း တွေ့ရသည့် လက်ရေးမူ စာရွက်အချို့အရ အစွန်းရောက် ယုံကြည်ကိုးကွယ်မှု ကျင့်စဉ် တစ်ရပ်ရပ်ကို ရည်ညွှန်းသည့် အနေအထားမျိုး တွေ့ရကြောင်း ရဲက ပြောသည်။ သေဆုံးသူများကို ရင်ခွဲစစ်ဆေးမှုရလဒ်များကို စောင့်ဆိုင်းနေရဆဲဖြစ်ပြီး၊ ရဲတပ်ဖွဲ့သည် အိမ်နီးနားချင်းများ၊ အနီးတစ်ဝိုက်ရှိ စီစီတီဗွီမှတ်တမ်းများကိုလည်း ကြည့်ကာ အဖြစ်မှန် ဖော်ထုတ်နိုင်အောင် ကြိုးပမ်းလျက်ရှိသည်။ 
    ထိုမိသားစုသည်  ဒေလီ၏ ဘူရာရီ ရပ်ကွက်တွင် နေထိုင်လာကြသည်မှာ  နှစ်ပေါင်း ၂၀ ကျော်ပြီဖြစ်ပြီး ဇာတိမှာ ရာဂျက်စသန်မှဖြစ်ကြောင်း သိရသည်။ သုံးထပ်အိမ်၏ မြေညီထပ်တွင် ဆိုင်နှစ်ဆိုင် ဖွင့်လှစ်လုပ်ကိုင်ခဲ့ကြသည်။ အိမ်နီးချင်းတစ်ဦးက နို့ဝယ်ရန် ဇူလိုင် ၁ ရက်က ဆိုင်သို့ သွားသည်တွင်မှ လူတစ်ဦးမှ  မရှိသဖြင့် အိမ်ထဲဝင်ကြည့်ချိန်တွင် မျက်နှာကြက်တွင် ဆွဲကြိုးချလျက်သား သေဆုံးနေသည့် မိသားစုများကို တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။