နယ်ထိန်းအရာရှိတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်ခတ် သေဆုံး

နယ်ထိန်းအရာရှိတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်ခတ် သေဆုံး

ရဲတပ်ဖွဲ့ နေအိမ်လိုင်းခန်းတွင် နယ်ထိန်းအရာရှိတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်ခတ် သေဆုံးခဲ့မှု ယနေ့ (ဇူလိုင်၂ ရက်)က ဖြစ်ပွားခဲ့ကြောင်း ကသာမြို့မရဲစခန်းမှ သိရသည်။

ယနေ့ နံနက် ၁၁ နာရီ အချိန်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့မရဲစခန်းမှ နယ်ထိန်း ခေါင်းဆောင် ဒုရဲအုပ်ချစ်ဝင်းလတ် (၃၅)နှစ်သည် ဇွန် ၁၉ ရက်တွင် ဖမ်းဆီးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန်အတွက် ရဲတပ်ဖွဲ့မှ ထုတ်ပေးထားသည့် ဝက်ဘလီအမျိုးအစား (၁၈)ဗို့ ခြောက်လုံးပြူး သေနတ်ဖြင့် ၎င်း၏ နေအိမ်လိုင်းခန်းတွင် မိမိကိုယ်ကိုယ် ပစ်ခတ်သေဆုံးခဲ့ခြင်း ဖြစ်သည်။ 
'' သူတာဝန်ထမ်းဆောင်တဲ့နေရာမှာ အသုံးပြုဖို့ထုတ်ပေးထားတဲ့ ခြောက်လုံးပြူးသေနတ်နဲ့ သူ့ကိုယ်သူ ပစ်သတ်ခဲ့တာပါ။လောလောဆယ်တော့ အမှုနဲ့ပတ်သက်ပြီး စစ်ဆေးနေတုန်းပါ" ဟု ကသာမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 
အဆိုပါ သေဆုံးမှုနှင့်ပတ်သက်၍ သေဆုံးသူရဲအရာရှိမှာ မူးယစ်ဆေးဝါးသုံးစွဲသူကို ဖမ်းဆီးစဉ်က အသုံးပြုခဲ့သည့် ဆေးထိုးအပ်နှင့် ပွန်းခြစ်မိရာက မိမိကိုယ်ကိုယ် ခုခံအားကျဆင်းစေသည့် ဝေဒနာခံစားနေရသည်ဟု သံသယဖြစ်ပေါ်ကာ ယခုကဲ့သို့ ပြုမူခဲ့ခြင်းဖြစ်ကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။ 
သက်ဆိုင်ရာ၏ စစ်ဆေးချက်အရ သေဆုံးသူတွင် ညာဘက်နားထင်မှ ဘယ်ဘက် ချိုစောင်းထိ ကျည်ဖောက်ထွက်ဒဏ်ရာရရှိသေဆုံးနေသည်ကိုတွေ့ရပြီး ကွယ်လွန်ချိန်တွင် ဇနီးနှင့် ကလေးငယ်တစ်ဦးတို့ ကျန်ရစ်ခဲ့ကြောင်း ကသာမြို့မရဲစခန်းမှ သိရသည်။ သေဆုံးမှုနှင့်ပတ်သက်၍ ကသာမြို့မရဲစခန်းက သေမှုသေခင်းအမှတ် ၁၃/၁၈ အရ အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။