အလုံမြို့နယ်အတွင်း ကျပ်သိန်း ၄၂၀ ကျော်ဖိုးခန့် လက်ဝတ်ရတနာများနှင့် နိုင်ငံခြားငွေများ ခိုးယူခဲ့သည်ဆိုမှုကို အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့က ဖမ်းဆီးဖော်ထုတ်ခဲ့ကြောင်း ဇူလိုင် ၂ ရက်က သတင်းထုတ်ပြန်ခဲ့သည်။
အလုံမြို့နယ်နေ အမျိုးသမီးတစ်ဦးက သက်ဆိုင်ရာသို့တိုင်ကြားရာတွင် ဇွန် ၂၃ ရက်နေ့ နံနက် ၈ နာရီခွဲအချိန်တွင် သွားဆေးခန်းသို့ သွားခဲ့ပြီး အတူနေထိုင်သည့် တူမဖြစ်သူမှာလည်း နံနက် ၉ နာရီအချိန်တွင် စက်ချုပ်သင်တန်းသို့ သွားခဲ့ကြောင်း သိရသည်။
ထို့နောက် မွန်းတည့် ၁၂ နာရီအချိန်တွင် နေအိမ်သို့ ပြန်လည်ရောက်ရှိစဉ် နေအိမ်တိုက်ခန်း၏သံပန်းတံခါးနှင့် အဝင်တံခါးတို့မှာ စေ့ထားသည်ကို တွေ့ရသဖြင့်နေအိမ်အတွင်း စစ်ဆေးခဲ့ကြောင်း သိရသည်။ ထိုသို့စစ်ဆေးစဉ်ဧည့်ခန်းတွင်ထားရှိသည့်စလင်းဘတ်အိတ်မှာပွင့်နေသည့်အပြင် အိတ်ထဲတွင်ထည့်ထားသော ပစ္စည်းများလည်း ပြန့်ကျဲနေသည်ကို တွေ့ရသည်ဟု ဆိုသည်။ နေအိမ်အိပ်ခန်းအတွင်းရှိ အဝတ်ဘီဒိုမှာပွင့်နေပြီး အဝတ်အစား များလည်းပြန့်ကျဲနေကြောင်းနှင့် သော့တန်း လန်းဖြင့်ထားခဲ့သော မီးခံသေတ္တာမှာ ပွင့်နေပြီး ၎င်းသေတ္တာ တွင်းရှိ ရွှေထည်လက်ဝတ်ရတနာ မျိုးစုံ(၃၄) မျိုး၊ အမေရိကန်ဒေါ်လာ ၁၀ဝတန် (၃)ရွက် ကာလတန်ဖိုး ငွေကျပ်သိန်း (၄၂၁)သိန်းခန့်၊ ဘဏ်စုစာအုပ်များမှာ ပျောက်ဆုံးနေသည်ကို တွေ့ရှိသဖြင့် အရေးယူးပေးရန် တိုင် ကြားခဲ့ကြောင်း သိရသည်။
အလုံမြို့မရဲစခန်းက (ပ)၂၂၄/၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၈၀ အရ အမှုဖွင့်စုံစမ်းခဲ့သည်။ အဆိုပါခိုးယူခံရမှုနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းဖော်ထုတ်ရေး တပ်ဖွဲ့ ဝင်များက ပူးပေါင်းစုံစမ်းခဲ့ရာ အခင်းဖြစ်သည့်နေ့ အဆိုပါတိုက်ခန်းအနီးသို့ ဝင်ထွက်သွား လာ မှုများနှင့်ပတ်သက်၍ စုံစမ်းခဲ့ရာ အမှုဖြင့်မသင်္ကာသူ အင်းစိန်မြို့နယ်နေ ဆန်းလင်း (၄၀)နှစ်နှင့် ထွန်းထွန်း(ခ)အငယ်လေး၊ (၃၆)နှစ်တို့ ကို အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့က အမှုဖြင့် ဖမ်းဆီးစစ်ဆေးခဲ့သည်။
၄င်းတို့ ၂ ဦးကို အမှုဖြင့်စုံစမ်းချက်အရ သက်ဆိုင်ရာက စုံစမ်းနေသည့် အလုံမြို့မရဲစခန်း (ပ)၂၂၄/၁၈ ပုဒ်မ ၃၈၀ အမှုကို ကျူးလွန်ခဲ့ကြောင်း၊ အခင်းဖြစ်နေ့ နံနက် ၉ နာရီ အချိန်ခန့်တွင် လှိုင်သာယာမှ အလုံမြို့နယ်သို့ ဆန်းလင်း မောင်းနှင်သည့် အငှားယာဉ်ဖြင့် အဆိုပါတိုက်ခန်းအနီးသို့ လာရောက်ခဲ့ကြောင်း ၄င်းတိုက်ခန်းအနီး ဝှက်ထားသည့် ကတ်တာကိုယူကာ တိုက်ခန်း သံဘာဂျာတံခါးသော့ကို ဖြတ်ခဲ့ကြောင်း နေအိမ်ခန်းအတွင်းသို့ ဝင်ရောက်ခဲ့ပြီး လွယ်ထားသည့် ကြောပိုးအိတ်အတွင်းမှ စာအုပ်များကို သွန်ထုတ်ကာ သော့တန်းလန်းဖြင့်ထားရှိသည့် မီးခံသေတ္တာအတွင်းမှ ရွှေထည် လက်ဝတ်ရတနာများနှင့်ငွေနှင့်အခြားပစ္စည်းများကို ယူဆောင်ကာ ဆန်းလင်း မောင်းနှင်သော အငှားယာဉ်ဖြင့်ပင် လှိုင်သာယာမြို့နယ်ရှိအဆောင်သို့ပြန်ခဲ့ကြောင်းပေါ်ပေါက် ခဲ့သည်။
သက်ဆိုင်ရာက ၄င်းခိုးယူခဲ့သည့် ရွှေထည်ပစ္စည်းများကိုပြန်လည်သိမ်းဆည်းနိုင်ခဲ့ပြီး ပြစ်မှုကျူးလွန်သူကို အမှုဖြင့် အရေးယူထားပြီး အခြားခိုးမှုများထပ်မံကျူးလွန် ထားခြင်းရှိ /မရှိ ဆက်လက်စစ်ဆေးလျက်ရှိ ကြောင်း သိရသည်။

















