ဝါရှင်တန် ဇူလိုင် ၂
မြောက်ကိုရီးယား၏ နျူကလီးယားနှင့် ပဲ့ထိန်းဒုံးကျည်လက်နက်များကို တစ်နှစ်အတွင်း ဖျက်သိမ်းရန် အမေရိကန်က အဆိုပြုရန်ရှိပြီး ယင်းအစီအစဉ်အတိုင်း မြောက်ကိုရီးယားက ပူးပေါင်းဆောင်ရွက်မည်ဟု ယုံကြည်ကြောင်း အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး ဂျွန်ဘိုလ်တန်က ပြောဆိုခဲ့သည်။
အမေရိကန်ထောက်လှမ်းရေးအစီရင်ခံစာများက ပြုံယမ်းသည် နျူလက်နက်များအပြည့်အဝစွန့်လွှတ်ရေး အားထုတ်မှုမရှိကြောင်း တင်ပြခဲ့သော်လည်း ဇူလိုင် ၁ ရက်၌ ဂျွန်ဘိုလ်တန်က ယင်းကဲ့သို့ပြောဆိုခဲ့ခြင်းဖြစ်သည်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုနှင့် မြောက်ကိုရီးယားအာဏာပိုင်များ မဝေးသည့်အနာဂတ်တွင် ဆွေးနွေးကြလိမ့်မည်ဟုလည်း ဂျွန်ဘိုလ်တန်က ဆိုပြီး ထောက်လှမ်းရေးသတင်းများကို မှတ်ချက်ပေးရန် ငြင်းဆန်ခဲ့သည်။
မြောက်ကိုရီးယားအနေဖြင့် ပူးပေါင်းဆောင်ရွက်ပါက ပိတ်ဆို့မှုများ လျင်မြန်စွာရုပ်သိမ်းမှုနှင့် တောင်ကိုရီးယားနှင့်ဂျပန်မှ အကူအညီများ စတင်စီးဝင်လာမည်ဖြစ်ကြောင်းလည်း ဘိုလ်တန်ကပြောသည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်တို့တွေ့ဆုံဆွေးနွေးခဲ့၍ ကိုရီးယားကျွန်းဆွယ် နျူကလီးယားအပြည့်အဝ ကင်းစင်ရေး သဘောတူခဲ့ပြီးနောက် ပြုံယမ်းအတွက် နျူကင်းစင်ရေးအချိန်ဇယားတစ်ခု သတ်မှတ်သင့်ကြောင်း စီဘီအက်စ်ရုပ်သံက ဆွေးနွေးပွဲအစီအစဉ်တစ်ခု ထုတ်လွှင့်ခဲ့ပြီးနောက် ဘိုလ်တန်၏မှတ်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
အမေရိကန်ကအဆိုပြုမည့် တစ်နှစ်စီမံကိန်းတွင် မြောက်ကိုရီးယား၏ ဓာတုနှင့် ဇီဝလက်နက်များ၊ နျူကလီးယားအစီအစဉ်နှင့် ပဲ့ထိန်းဒုံးကျည်များအားလုံး ဖျက်သိမ်းရေးအကျုံးဝင်သည်ဟု ဆိုသည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုသည် လွန်ခဲ့သည့်ရက်များအတွင်း တရုတ်၊ ဂျပန်နှင့် တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံပြီး မြောက်ကိုရီးယားအရေး ဆွေးနွေးခဲ့သည်။
ယင်းနောက် ဇူလိုင် ၆ ရက်တွင် ကာကွယ်ရေးဝန်ကြီး ဂျင်မက်တစ်နှင့်အတူ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံရန်အစီအစဉ်ကို ရွှေ့ဆိုင်းခဲ့ရာ ယင်းသည် မြောက်ကိုရီးယားသို့ တတိ်ယအကြိမ် သွားရောက်ရန်ရှိ၍ ဖြစ်နိုင်ကြောင်း သတင်းများ ပြန့်နှံ့ခဲ့သည်။

















