နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ် ခြံဝင်းအတွင်းသို့ မီးလောင်စေသည့် ဖန်ပုလင်းပစ်သွင်းခဲ့သူ ဝင်းနိုင်ကို ယနေ့ (ဇူလိုင် ၂ ရက်)တွင် ထောင်ဒဏ် ငါးနှစ်ကျခံစေရန် ဗဟန်းမြို့နယ်တရားရုံးက အမိန့်ချမှတ်ခဲ့သည်။
ဖေဖော်ဝါရီ ၁ ရက် နံနက် ၆ နာရီခွဲအချိန်ခန့်တွင် ဗဟန်းမြို့နယ်၊ရွှေတောင်ကြား(၁) ရပ်ကွက်၊ တက္ကသိုလ်ရိပ်သာလမ်း ၊ ခြံအမှတ် ၅၄ / ၅၆ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ် ခြံဝင်းအတွင်းသို့ တက္ကသိုလ်ရိပ်သာလမ်းပေါ်မှ မီးလောင်စေသည့် ဖန်ပုလင်း ၁ လုံးကို လူတစ်ဦး ပစ်သွင်းခဲ့ခြင်းဖြစ်သည်။
အဆိုပါ ပစ်သွင်းခဲ့ခြင်းကြောင့် ခြံဝင်းအတွင်း ခြံစောင့်တဲအနီးရှိရေပိုက်တစ်ချောင်းမှာ မီးစွဲလောင်ကျွမ်း ခဲ့သောကြောင့် ဗဟန်းမြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၄၃၆ ဖြင့် အမှုဖွင့်ကာ စီစီတီဗီ မှတ်တမ်းများအရ ပြစ်မှုကျူးလွန်သူ ဝင်းနိုင်ကို ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် အတွင်းမှ သက်ဆိုင်ရာက ၂၄ နာရီအတွင်း ဖမ်းဆီးရမိခဲ့သည်။ ဗဟန်းမြို့နယ်တရားရုံးသို့ တရားစွဲဆိုတင်ပို့ခဲ့သော အမှုဖြစ်သည်။
ယနေ့ တရားရုံးတွင် ပြစ်မှုကျူးလွန်သူ ဝင်းနိုင်ကို "အိမ်အစရှိသည်တို့ကို ဖျက်ဆီးရန် ကြံရွယ်၍ မီးဖြင့်သို့မဟုတ် ပေါက်ကွဲစေတတ်သည့် အရာဖြင့် အကျိုးဖျက်ဆီးမှု " ပုဒ်မ ၄၃၆ အရ စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် အလုပ်နှင့်ထောင်ဒဏ် ၅ နှစ်ကျခံစေရန် ဗဟန်းမြို့နယ်တရားသူကြီးက အမိန့်ချမှတ်ခဲ့သည်။
















