ပြင်သစ်၌ နာမည်ကြီးလူဆိုးဂိုဏ်းဝင်တစ်ဦး ထောင်ဖောက်၍ ရဟတ်ယာဉ်အသုံးပြုထွက်ပြေး

ပြင်သစ်၌ နာမည်ကြီးလူဆိုးဂိုဏ်းဝင်တစ်ဦး ထောင်ဖောက်၍ ရဟတ်ယာဉ်အသုံးပြုထွက်ပြေး

ပါရီ    ဇူလိုင် ၂
    ပြင်သစ်နိုင်ငံ ပါရီမြို့ဝန်းကျင်ရှိ အကျဉ်းထောင်တစ်ခုမှ နာမည်ဆိုးဖြင့်ကျော်ကြားသည့် လူဆိုးဂိုဏ်းဝင်တစ်ဦးသည် ပြင်ပမှ လက်နက်ကိုင်အချို့အကူအညီဖြင့် ရုပ်ရှင်ဆန်ဆန်ထောင်ဖောက်၍ ရဟတ်ယာဉ်တစ်စီးကို ပြန်ပေးဆွဲအသုံးပြု ထွက်ပြေးလွတ်မြောက်ခဲ့သည်။ 

ရဲတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးခဲ့ရသည့် မအောင်မြင်သည့် ဘဏ်ဓားပြမှုအတွက် ထောင် ၂၅ နှစ် ကျခံနေရသည့် ၄၆ နှစ်အရွယ် ရီဒူးအင်းဖိတ်ဒ် လွတ်မြောက်ရေးအတွက် ချေမှုန်းရေးရိုင်ဖယ်ကိုင်စွဲထားသည့် သေနတ်သမားသုံးဦးက ကူညီ ကြိုးပမ်းပေးခဲ့သည်။ ထောင်ဧည့်ခန်းတွင် ရီဒူးအင်းဖိတ်ဒ်က ၄င်း၏ညီနှင့်တွေ့ဆုံနေစဉ် ခေါင်းစွပ်ပါသေနတ်သမားနှစ်ဦးက လက်သမားသုံး လက်ကိုင်ဖောက်စက်နှင့် မီးခိုးဗုံးများအသုံးပြု၍ ဧည့်ခန်းကိုဖြိုခွင်းစီးနင်းခဲ့သည်။ 
တတိယသေနတ်သမားသည် လေယာဉ်မောင်းသင်ကျောင်းတစ်ကျောင်းမှ လေသူရဲတစ်ဦးကို အကျပ်ကိုင်ကာ ရဟတ်ယာဉ်တစ်စီးနှင့် ထောင်အပြင်မှ စောင့်ဆိုင်းခဲ့ပြီးနောက် ရီဒူးအင်းဖိတ်ဒ်ကို တင်ဆောင်ကာ ပျံသန်း လွတ်မြောက်သွားခဲ့ခြင်းဖြစ်သည်။ ၄င်းရဟတ်ယာဉ်ကို ဂိုနက်ဆီးဧရိယာတွင် ထားရစ်ခဲ့ကာ ကားတစ်စီးဖြင့် ဆက်လက်ထွက်ခွာသွားကြောင်း အကြမ်းဖျင်းသိရသည်။
    ရီဒူးအင်းဖိတ်ဒ်သည် ၂၀၁၃ ခုနှစ်ကလည်း ထောင်တံခါးများကို ဒိုင်းနမိုက်ထောင်ပြီး ထောင်စောင့်လေးဦးကို လူသားဒိုင်း အကာအကွယ်ယူ၍ ထွက်ပြေးလွတ်မြောက်ခဲ့ဖူးသည်။ ထိုစဉ်က ခြောက်ပတ်ကြာ လွတ်မြောက်ပြီးနောက် ပြန်အဖမ်းခံခဲ့ရသည်။ ယခု ဇူလိုင် ၁ ရက်က ထွက်ပြေးလွတ်မြောက်သွားသည့် ရီဒူးအင်းဖိတ်ဒ်ကို ပြင်သစ်ရဲ ၃၀ဝ၀ နီးပါးက လိုက်လံရှာဖွေနေကြပြန်ပြီဖြစ်သည်။
ပါရီ၏ကြမ်းတမ်းသည့်ရပ်ကွက်တွင် မွေးဖွားကြီးပြင်းခဲ့သည့် ရီဒူးအင်းဖိတ်ဒ်သည် ၁၉၉၀ ပြည့်လွန်နှစ်များတွင် ဘဏ်နှင့် ငွေသယ်သံချပ်ကာကားများကို ဓားပြတိုက်မှုများ ကျူးလွန်ခဲ့သည်။ ၄င်းသည် ဟောလီးဝုဒ်မှ လူဆိုးဂိုဏ်းအသားပေးရုပ်ရှင်များကို အလွန်နှစ်သက်အားကျကြောင်း၊ အထူးသဖြင့် 1995 gangster film Heat ကို ရိုက်ကူးခဲ့သည့် ဒါရိုက်တာ မိုက်ကယ်မန်းသည် ၄င်း၏ နည်းစနစ်မြင်ဆရာဖြစ်ကြောင်း ပြောဆိုခဲ့ဖူးသည်။ ၄င်းကျင်လည်ရသည့် ပါရီဒုစရိုက်လောကအကြောင်း စာအုပ်တစ်အုပ်လည်း ရေးသားထုတ်ဝေခဲ့ဖူးသည်။