ခိုလှုံသူအရေး သဘောထားကွဲလွဲသဖြင့် ဂျာမနီ ပြည်ထဲရေးဝန်ကြီး နုတ်ထွက်စာတင်

ခိုလှုံသူအရေး သဘောထားကွဲလွဲသဖြင့် ဂျာမနီ ပြည်ထဲရေးဝန်ကြီး နုတ်ထွက်စာတင်

ဘာလင်     ဇူလိုင် ၂ 
    ခိုလှုံသူအရေး ကိုင်တွယ်ရေးနှင့် ပတ်သက်ပြီး ဥရောပသမဂ္ဂတွင် ဂျာမနီ ဝန်ကြီးချုပ် အန်ဂျလာ မာကယ် သဘောတူခဲ့သည့် အချက်များကို ထောက်ခံနိုင်ခြင်း မရှိသည့်အတွက် ရာထူးမှ  နုတ်ထွက်တော့မည်ဖြစ်ကြောင်း ဂျာမနီ ပြည်ထဲရေး ဝန်ကြီးက ထုတ်ပြန်ပြောကြားသည်။ 

ပြည်ထဲရေးဝန်ကြီး ဟို့စ် ဆီဟိုဖာသည် မစ္စ မာကယ်၏ ညွန့်ပေါင်းအစိုးရအဖွဲ့ထဲတွင် အဓိကပါတီဖြစ်သော ခရစ်ယာန် ဆိုရှယ်  ယူနီယံ (စီအက်စ်ယူ) ပါတီ ခေါင်းဆောင်လည်း ဖြစ်သည်။ ဝန်ကြီးချုပ် မာကယ်အနေဖြင့် ဥရောပသမဂ္ဂတွင် အခြားသော နိုင်ငံခေါင်းဆောင်များနှင့် ခိုလှုံသူအရေး ခိုင်လုံသော သဘောတူချက်မျိုး မရယူနိုင်ပါက ခိုလှုံသူများကို ဂျာမနီနယ်စပ်ကနေ မောင်းထုတ်မည်ဟု မစ္စတာ ဆီဟိုဖာက ပြောသည်။ မစ္စတာ ဆီဟိုဖာ နုတ်ထွက်ရန် စိုင်းပြင်းလာမှုကြောင့် မစ္စစ် မာကယ်၏  ညွန့်ပေါင်းအစိုးရနှင့် နိုင်ငံရေး အနာဂတ်သည်ပါ ယိမ်းယိုင်လာရသည်။ 
    မစ္စစ် မာကယ်၏ ခရစ်ယာန် ဒီမိုကရက်တစ် ယူနီယံ (စီဒီယူ) ပါတီကမူ ဇူလိုင် ၁ ရက်တွင် ခိုလှုံသူအရေးနှင့် ပတ်သက်ပြီး မစ္စစ် မာကယ်၏ ရပ်တည်ချက်ကို ဆက်လက်ထောက်ခံသွားမည်ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ခိုလှုံသူအရေးကို ဥရောပသမဂ္ဂက ဦးဆောင်အဖြေရှာခြင်းသည် အကောင်းဆုံးနည်းလမ်းဖြစ်မည်ဟု ယုံကြည်ကြောင်းဖြင့် စီဒီယူ အထွေထွေ  အတွင်းရေးမှူး အန်နီဂရတ် ကရမ့် ကာရန်ဘာက ပြောသည်။ 
    ခိုလှုံသူအရေးနှင့် ပတ်သက်ပြီး မစ္စစ် မာကယ်နှင့် ဆွေးနွေးပြီးနောက်တွင် ခိုင်လှုံသော ရပ်တည်ချက်မျိုး၊ သဘောထားမျိုး ရရှိခြင်းမရှိသဖြင့် အားမရသောကြောင့် ရာထူးမှ နုတ်ထွက်ခြင်းဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီး ဆီဟိုဖာက ပြောသည်။