မော်ဒယ်လ်စူးရှထက်ကို သားမယားပြုကျင့်မှုပုဒ်မ၊ ထိခိုက်နာကျင်စေမှုပုဒ်မနှစ်ခု အစရှိသည့် ပုဒ်မ ၃ ခုဖြင့် တရားစွဲဆိုခြင်းခံထားရသည့် အဆိုတော် အစ္စဏီကို ယနေ့ (ဇူလိုင် ၂ ရက်)တွင် တာမွေမြို့နယ် တရားရုံး၌ (၈) ကြိမ်မြောက် ရုံးထုတ်စစ်ဆေးခဲ့ပြီး အခင်းဖြစ်ပြီး နောက်တစ်နေ့ ရုပ်သံအင်တာဗျူးဖိုင်ကို သက်သေအဖြစ် တင်သွင်းစစ်ဆေးခဲ့သည်။
ပြီးခဲ့သည့် ဇွန် ၂၅ ရက် ရုံးချိန်းတွင် တရားလို မော်ဒယ်စူးရှထက်၏ မွေးစာရင်းတင်ပြချက်တွင် ကွဲလွဲမှုများရှိနေသဖြင့် ယနေ့ရုံးချိန်းတွင် မော်ဒယ်စူးရှထက်က ဧပြီလ၁၃ ရက်နေ့တွင် Cele 7 ၏ ရုပ်သံအင်တာဗျူးဖြေကြားခဲ့သည့် အသံဖိုင်ပါစီဒီကို သက်သေအဖြစ်စစ်ဆေးရန် အစ္စဏီ၏ အကျိုးဆောင် တရားလွှတ်တော် ရှေ့နေ ဦးကျော်ဇင်ဦးက ယနေ့ ရုံးတော်သို့ တင်ပြခဲ့သည်။
ယနေ့ ရုံးချိန်းတွင် မော်ဒယ်လ်စူးရှထက်၏ အကျိုးဆောင်ရှေ့နေဖြစ်သူလာရောက်ခဲ့ခြင်းမရှိသော်လည်း တရားလိုကို ဆက်လက်စစ်ဆေးခဲ့သည်။
ဇွန် ၂၅ ရက် (၇) ကြိမ်မြောက်ရုံးချိန်းတွင် တရားလိုမော်ဒယ်လ်ကိုစစ်ဆေးခဲ့ပြီး ဆေးစာ ပြန်ကြားချက်အရ တရားလို မော်ဒယ်လ် အမျိုးသမီးတွင်သုတ်ပိုးနှင့်ထိုးသွင်းဒဏ်ရာမတွေ့ရှိ သည့်အပြင် အစ္စဏီ ထံတွင်လည်း သုတ်ပိုး မတွေ့ရှိရကြောင်း ရုံးရှေ့စွပ်စွဲခံရသူ အစ္စဏီ၏ အကျိုးဆောင် တရားလွှတ်တော် ရှေ့နေ ဦးကျော်ဇင်ဦးက မီဒီယာများကို အမှုစစ်ဆေးမှု အပြီး ပြောဆိုခဲ့သည်။
အဆိုပါနေ့ရုံးချိန်းအပြီး တရားလို မော်ဒယ်လ် စူးရှထက် ကလည်း ဥပဒေအတိုင်းဆက်လက်ရင်ဆိုင် သွားမည်ဖြစ် ကြောင်းပြောဆိုခဲ့သည်။ ပြီးခဲ့သည့် ဧပြီ ၁၂ ရက်နေ့ နံနက် ၂ နာရီ အချိန်ခန့်တွင် တာမွေမြို့နယ်ရှိ မော်ဒယ်လ် စူးရှထက်က ၄င်း၏ ရည်းစားဟောင်းအဆိုတော်ဖြစ်သည့် ဟန်ဇော်ထွန်း(ခ)အစ္စဏီ က နေအိမ်တိုက်ခန်းတွင်ထိ ခိုက် နာကျင်အောင်ပြုမူခဲ့သည့် အပြင် မုဒိမ်းမှုကိုပါ ကျူးလွန်ခဲ့သည်ဟုဆိုကာ တာမွေမြို့ နယ်ရဲစခန်း တွင် အမှုဖွင့်တိုင်ကြားခဲ့ပြီး တာမွေမြို့နယ်တရားရုံးသို့ တရားစွဲဆိုတင်ပို့ခဲ့သော အမှုဖြစ်သည်။
ဇူလိုင် ၉ ရက် ရုံးချိန်းတွင်လည်း တရားလိုကို ထပ်မံစစ်ဆေးသွားရန် တရားရုံးက ချိန်းဆိုထားသည်။















