ဝိုင်းမော်မြို့နယ်ရှိ စိုက်ပျိုးရေးကုမ္ပဏီတွင် လာရောက်အလုပ်လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၂ ဦး ကို သေဆုံးအောင်ပြုမူခဲ့သည်ဆိုသူ ၂ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း ဇူလိုင် ၂ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် မေလ ၂၅ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန် ဝိုင်းမော်မြို့ "စောသန္တာဝင်း" စိုက်ပျိုး ရေးကုမ္ပဏီဆိုဒ်တာဝန်ခံ ဒဘက်ယန်ကျေးရွာနေ ဦးမျိုးညွန့်(၅၀)နှစ်က သက်ဆိုင်ရာသို့တိုင်ကြားရာတွင် ၄င်းကုမ္ပဏီတွင် ပြည်နယ်အစိုးရအစီအစဉ်ဖြင့် ယာယီနေထိုင်ကာ အလုပ်လုပ်ကိုင်နေသည့် တရုတ်နိုင်ငံ၊ ကွမ်းရှီးပြည်နယ်၊ ပိုင်ရှားမြို့၊ ဝူရှင်းရွာနေ ရန်ရှီကွမ်း(၄၅)နှစ်ကို ကျေးရွာ၏ အနောက် ဘက် ၃ မိုင်ခန့်အကွာရှိ မြေပြုပြင်သည့် နေရာ တဲနောက်တွင် ဦးခေါင်းနောက်စေ့ပေါက်ပြဲ၊ လည်ပင်း ပြတ်ရှ ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့သည်။ ၄င်းနှင့်အတူ အလုပ်လုပ်ကိုင်သည့် ဝေဖုန်းရေ့(၄၄)နှစ်နှင့် ဆိုင်ကယ်တစ်စီးမှာလည်း ပျောက် ဆုံးနေကြောင်း ပြောပြသိရသဖြင့် ဝိုင်းမော်မြို့မရဲစခန်းက (ပ)၄၇/၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၁၁၄ အရ အမှုဖွင့်စုံစမ်းခဲ့သည်။ သက်ဆိုင်ရာက အမှုနှင့်ပတ်သက်၍ စုံစမ်းခဲ့ရာ တဲနှင့်ကိုက် ၇၀ဝ ခန့်အကွာတွင် ဈေးရောင်းသည့် အမျိုးသား၏ ပြောပြချက်အရ မေလ ၂၄ ရက်နေ့ ည ၁၁ နာရီအချိန် တရုတ်နိုင်ငံသား(၂)ဦးနှင့်အတူ အလုပ်ကိုင်နေသူ မြစ်ကြီးနားမြို့၊ ဧရာရပ်ကွက်နေ ထွန်းထွန်းဦး(၃၁)နှစ်နှင့် ပင်လည်ဘူးမြို့၊ မိုးကောင်းရပ်ကွက်နေ အောင်သန်းဌေး(၄၀)နှစ် တို့ ၎င်း၏ ဈေးဆိုင်သို့ အရက်မူးပြီး ရောက်ရှိလာခဲ့ပြီး ဘီယာ(၃)ဗူးနှင့် ခေါက်ဆွဲပြုတ်မှာယူစားသောက်ခဲ့သည်။
ထို့နောက် တရုတ်နိုင်ငံသား(၂)ဦး နေသည့်တဲဘက်သို့ထွက်သွားကြောင်း၊ ခဏအကြာ "အား" ဟု အော်သံကြားရပြီး ထွန်းထွန်းဦးနှင့် အောင်သန်းဌေးတို့သည် ဆိုင်ကယ်ကို မီးမှိတ်လျက် ဒဟတ်ယန် ကျေးရွာဘက်သို့ ထွက်ခွာသွားကြောင်း ပြောပြသိရှိခဲ့သည်။ အခင်းဖြစ်နေရာအနီးမှ သွေးစွန်းနေသည့် အရှည်(၂)ပေခွဲခန့်ရှိ ရဲဒင်းအရိုး(၁)ခု၊ အရိုးကျွတ်နေသည့် ရဲဒင်း(၁)ခုနှင့် လက်ပတ်နာရီ(၁)လုံးတို့ကို သက်ဆိုင်ရာကတွေ့ရှိသိမ်းဆည်းခဲ့သည်။
အမှုမှပျောက်ဆုံးနေသူ ဝေဖုန်းရေ့(၄၄)နှစ် ၏ အလောင်းကို မေလ ၂၉ ရက်နေ့တွင် ဒဘတ်ချောင်း စပ်တွင် ချုံနွယ်များဖြင့် ချိတ်ငြိလျက် ပြန်လည်တွေ့ရှိခဲ့ပြီး အမှုဖြင့် တိမ်းရှောင်နေသူ ထွန်းထွန်းဦးနှင့်အောင်သန်းဌေးတို့ ၂ ဦးကို စစ်ဆေးနိုင်ရန် ဆက်လက်စုံစမ်းခဲ့သည်။
ထိုသို့စုံစမ်းနေစဉ် ၄င်းတို့ ၂ ဦးကို ရွှေမှော် လုပ်ကွက်များအတွင်းမှ ဇွန်လ ၃၀ ရက်နေ့တွင် ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ သက်ဆိုင်ရာ၏ စုံစမ်းစစ်ဆေးချက်များအရ အောင်သန်းဌေး ၏ အမည်မှန်မှာ ဇော်မင်းထွန်း(ခ) ဇော်မင်း(ခ)မင်းမင်း ဖြစ်ပြီးထွန်းထွန်းဦး ၏ အမည်မှန်မှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်၊ နမ္မလင်ကျေးရွာနေ တင်မျိုးဝင်း(၃၀)နှစ်ဖြစ်ကြောင်း သိရှိရသဖြင့် အမှုဖြင့် ဆက်လက် အရေးယူထားသည်။















