နာမည်ကျော်ဖိလစ်ပိုင်မြို့တော်ဝန် မြို့တော်ခန်းမ အလံတင် အခမ်းအနားတွင် လုပ်ကြံပစ်သတ်ခံရ

နာမည်ကျော်ဖိလစ်ပိုင်မြို့တော်ဝန် မြို့တော်ခန်းမ အလံတင် အခမ်းအနားတွင် လုပ်ကြံပစ်သတ်ခံရ

မနီလာ  ဇူလိုင်     ၂ 
    မူးယစ်မှောင်ခို သံသယရှိသူများကို လည်ပင်းစာချိတ်ကာ မြို့ထဲ လမ်းလျှောက်ခိုင်းမှုဖြင့် နာမည်ကျော်ခဲ့ဖူးသော ဖိလစ်ပိုင် မြို့တော်ဝန် တစ်ဦးသည် ဇူလိုင် ၂ ရက်နေ့တွင် မြို့တော်ခန်းမရှေ့၌ ကျင်းပသော အလံတင်အခမ်းအနား၌ သေနတ်သမား လုပ်ကြံပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။ 

မြို့တော် မနီလာ တောင်ပိုင်းရှိ ဘာတန်ဂတ်ပြည်နယ် တာနျူအန်မြို့၏ မြို့တော်ဝန် အန်တိုနီယို ဟာလီလီကို မည်သူမည်ဝါ မသိရသေးသော သေနတ်သမားက ပစ်ခတ်လုပ်ကြံခဲ့ခြင်းဖြစ်သည်။ ကျည်ဆန်သည် မြို့တော်ဝန်၏ ဖုန်းကို ထိကာ ခန္ဓာကိုယ်ထဲ ဖောက်ဝင်သွားခြင်းဖြစ်ပြီး ဆေးရုံသို့ ပို့ခဲ့သော်လည်း အသက်မကယ်နိုင်ခဲ့ကြောင်း ဖိလစ်ပိုင် ရဲတပ်ဖွဲ့ ရဲချုပ် အော်စကာ အယ်ဘာယာဒီက ပြောသည်။ သေနတ်သမား လွတ်မြောက်နေဆဲဖြစ်သည်။ 
    သေနတ်သံသာ ကြားလိုက်ရပြီး သေနတ်သမားကို မည်သူမျှ  မတွေ့လိုက်ရသဖြင့် စနိုက်ပါသေနတ်နှင့် ပစ်ခတ်သည်ဟု ကနဦး ယူဆထားကြောင်းဖြင့် ရဲချုပ် အယ်ဘာယာဒီက ပြောသည်။ မြို့တော်ခန်းမရှေ့တွင် အလံတင်အခမ်းအနား ကျင်းပစဉ် နိုင်ငံတော်သီချင်း သီဆိုနေချိန်၌  ပစ်ခတ်ခံရခြင်းဖြစ်သည်။ မြို့တော်ခန်းမဝန်းကျင်နေရာသည် မြက်ပင်များ ထူထပ်စွာ ပေါက်နေသော နေရာဖြစ်သောကြောင့် သေနတ်သမား ခိုအောင်းကာ ပစ်ခတ်ခဲ့ခြင်းဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့က ယူဆထားပြီး စုံစမ်းစစ်ဆေးမှုများ အပူတပြင်း ဆောင်ရွက်လျက်ရှိသည်။ 
    မြို့တော်ဝန် ဟာလီလီသည် လွန်ခဲ့သော နှစ်နှစ်က မူးယစ်မှောင်ခို သံသယတရားခံများကို လည်ပင်း၌ စာချိတ်ကာ တာနျူအန်မြို့ထဲ ပတ်လျှောက်ခိုင်းပြီး အရှက်ရ နောင်ကြဉ်အောင် ပညာပေးခဲ့မှုဖြင့် နာမည်ကျော်ခဲ့သည်။ ယခုလို လုပ်ကြံခံရမှုသည် မစ္စတာ ဟာလီလီ၏  မူးယစ်တိုက်ဖျက်ရေး ကမ်ပိန်းများနှင့် ဆက်စပ်ခြင်း ရှိ မရှိကိုလည်း ဖိလစ်ပိုင် ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးလျက်ရှိသည်။