ကွာလာလမ်ပူ ဇူလိုင် ၂
မလေးရှား ဝန်ကြီးချုပ် မဟာသီယာ မိုဟာမတ်သည် ဇူလိုင် ၂ ရက်တွင် နောက်ထပ် ဝန်ကြီး ၁၃ ဦး ထပ်မံရွေးချယ်ကာ အစိုးရအဖွဲ့ကို အပြီးသတ် ဖွဲ့စည်းလိုက်ကြောင်း သိရသည်။ ဝန်ကြီးအသစ်များထဲတွင် နိုင်ငံ့သမိုင်းတစ်လျှောက် စံချိန်တင် အသက်အငယ်ဆုံးဖြစ်သည့် အသက် ၂၅ နှစ်အရွယ်တစ်ဦးလည်း ပါဝင်သလို၊ အစိမ်းရောင်နည်းပညာနှင့် ရာသီဥတုပြောင်းလဲမှုအရေး အဓိကထား ကိုင်တွယ်မည့် သိပ္ပံနည်းပညာ ဝန်ကြီးရာထူးလည်း ပါဝင်သည်။
၁၉၅၇ ခုနှစ်တွင် ဗြိတိန်ထံမှ မလေးရှား လွတ်လပ်ရေးရပြီးကတည်းက နိုင်ငံကို ဦးဆောင်ခဲ့သော အမျိုးသားတပ်ဦး မဟာမိတ်ပါတီကို အလဲထိုးရန် မဟာသီယာသည် လေးပါတီညွန့်ပေါင်းအဖွဲ့ကို ဦးဆောင်ကာ ရွေးကောက်ပွဲ အနိုင်ရရှိခဲ့ပြီး နှစ်လအကြာတွင်မှ အစိုးရအဖွဲ့ကို အပြီးသတ် ဖွဲ့စည်းနိုင်ခဲ့ခြင်း ဖြစ်သည်။
ဝန်ကြီးချုပ် ၁၃ ဦး၊ ဒုဝန်ကြီးသစ် ၂၈ ဦးတို့သည် နန်းတော်တွင် ကျမ်းကျိန်ဆိုခဲ့ကြသည်။ အသက် ၂၅ နှစ်အရွယ် ဆဒ် ဆာဒစ် အဗ္ဗဒူ ရာမန်သည် မဟာသိယာ၏ ပါတီတွင် လူငယ်ပါတီခေါင်းဆောင်လည်း ဖြစ်ပြီး လူငယ်နှင့် အားကစား ဝန်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရခြင်းဖြစ်သည်။ အသက် ၃၅ နှစ်အရွယ် အင်ဂျင်နီယာတစ်ဦးဖြစ်သည့် ယောင် ဘီ ယင်သည်လည်း စွမ်းအင်၊ အစိမ်းရောင်နည်းပညာ၊ သိပ္ပံနှင့် ရာသီဥတုပြောင်းလဲမှုရေးရာ ဝန်ကြီးဌာနကို ကိုင်တွယ်ရမည်ဖြစ်ပြီး မလေးရှား အစိုးရများအနက် ရာသီဥတု ပြောင်းလဲမှုနှင့် အစိမ်းရောင်နည်းပညာကို အလေးပေးသည့် အစိုးရအဖြစ်လည်း ရပ်တည်လျက်ရှိသည်။ ပထမဆုံးအကြိမ်အဖြစ် စွန့်ဦးတီထွင်လုပ်ငန်းရှင်များ ဖွံ့ဖြိုးရေးဝန်ကြီးဌာနကိုလည်း ဖွဲ့စည်းလိုက်ပြီး အသက် ၆၁ နှစ်အရွယ် အင်ဂျင်နီယာဟောင်းတစ်ဦးက ဦးဆောင်မည်ဖြစ်သည်။
နိုင်ငံခြားရေးဝန်ကြီးအဖြစ် အသက် ၅၇ နှစ်အရွယ် ဆိုင်ဖူဒင် အဗ္ဗဒူလာကို ခန့်ထားလိုက်ပြီး ၎င်းသည် ရှေ့အစိုးရလက်ထက်က ဒုနိုင်ငံခြားရေးဝန်ကြီးအဖြစ် ဆောင်ရွက်ခဲ့ပြီး 1MDB အရှုပ်တော်ပုံကြောင့် ၂၀၁၅ ခုနှစ်တွင် နုတ်ထွက်ခဲ့သည်။
အသက် ၉၂ နှစ်အရွယ် မဟာသီယာ၏ လက်ထောက် ဒုဝန်ကြီးချုပ်မှာ ပြုပြင်ပြောင်းလဲရေးဝါဒီ အန်ဝါ အီဘရာဟင်၏ ဇနီးဖြစ်သူ ဝမ် ဇီဇာ ဝမ် အစ္စမယ်ဖြစ်သည်။

















