မက္ကဆီကိုရွေးကောက်ပွဲ လက်ဝဲဝါဒီ သမ္မတလောင်းအနိုင်ရရှိခဲ့

မက္ကဆီကိုရွေးကောက်ပွဲ လက်ဝဲဝါဒီ သမ္မတလောင်းအနိုင်ရရှိခဲ့

မက္ကဆီကိုစီးတီး        ဇူလိုင် ၂
    မက္ကဆီကိုရွေးကောက်ပွဲတွင် မျှော်လင့်သည့်အတိုင်း လက်ဝဲဝါဒီသမ္မတလောင်း အန်ဒရီးစ် မန်နျူရယ် လိုပက်ဇ် အော်ဘရာဒေါ အနိုင်ရရှိခဲ့ပြီးနောက် ၄င်းက နက်ရှိုင်းသည့်အပြောင်းအလဲများ လာတော့မည်ဖြစ်ကြောင်း ကတိပြုလိုက်သည်။

အမ်လိုဟု လူသိများသည့် မက္ကဆီကိုမြို့တော်ဝန်ဟောင်း လိုပက်ဇ်အော်ပရာဒေါသည် ဆန္ဒမဲ ၅၃ ရာခိုင်နှုန်းခန့် ရရှိ်ခဲ့ပြီး ပြိုင်ဘက်များကို ပြတ်ပြတ်သားသား အနိုင်ယူခဲ့သည်။ လူမှုရေးမညီမျှမှုများနှင့် အကြမ်းဖက်မှုများ ဖြစ်ပွားစေသည့် အကျင့်ပျက်ခြစားမှုတည်းဟူသည့် မကောင်းဆိုးဝါးကို နှိမ်နင်းရန် အမ်လိုက ထပ်မံကတိပြုခဲ့သည်။ သက်ကြီးပင်စင် နှစ်ဆ ပေးရန်၊ အိမ်နီးချင်းအမေရိကန်နှင့် ဆက်ဆံရေးကောင်းမွန်ရေး နည်းလမ်းရှာရန်လည်း ကတိပြုခဲ့သည်။ လူမှုလွတ်လပ်ရေး လေးစားမည်ဖြစ်ကြောင်းနှင့် အာဏာရှင်အုပ်ချုပ်ရေးမဖြစ်စေရဟုလည်း ၆၄ နှစ်ရွယ် သမ္မတသစ်ကပြောသည်။
    အမေရိကန်တွင် သမ္မတထရမ့်တက်ရောက်လာချိန်မှစ၍ ကုန်သွယ်ရေးနှင့် လူဝင်မှုအရေးတို့ဖြင့် မက္ကဆီကိုနှင့် ဆက်ဆံရေးမပြေမလည် ဖြစ်နေသည်။ အော်ပရာဒေါရွေးချယ်ခံရခြင်းကို သမ္မတထရမ့်က တွစ်တာမှတစ်ဆင့် ချီးကျူးခဲ့သည်။
    အကြမ်းဖက်မှုများ စံချိန်တင်မြင့်တက်နေခြင်းကို ဖြေရှင်းရန် နေ့စဉ် လုံခြုံရေးအစည်းအဝေးကျင်းပကာ ကွပ်ကဲဖြေရှင်းသွားမည်ဖြစ်ကြောင်းလည်း ပြောဆိုခဲ့သည်။ ဇူလိုင် ၁ ရက် ရွေးကောက်ပွဲမတိုင်မီ ဆယ်စုနှစ်များအတွင်း အဆိုးရွားဆုံးအဖြစ် မဲဆွယ်ပွဲများတွင် အမတ်လောင်းနှင့် ပါတီအမှုထမ်း ၁၃၀ ကျော် သေဆုံးခဲ့ရသည်။
    ပီအာအိုင်ပါတီသမ္မတ ပီညာနဲတိုးအုပ်ချုပ်မှုကို အဆုံးသတ်လိုက်သည့် အော်ပရာဒေါအောင်မြင်မှုက
မက္ကဆီကိုနိုင်ငံရေးတွင် ပီအာရ်အိုင်နှင့် ပီအေအင်န် ပါတီနှစ်ခုတည်းကသာ ဆယ်စုနှစ်ချီ လွှမ်းမိုးခဲ့မှုကို အဆုံးသတ်လိုက်နိုင်ခြင်းလည်း ဖြစ်သည်။