အရက်ကြောင်နေသူကဓားဖြင့်ထိုး၍ (၃)ဦးသေ၊ (၂) ဦး ဒဏ်ရာရ

အရက်ကြောင်နေသူကဓားဖြင့်ထိုး၍ (၃)ဦးသေ၊ (၂) ဦး ဒဏ်ရာရ

ဆောမြို့နယ်တွင် အရက်ကြောင်နေသူက ဓားဖြင့်ထိုးသဖြင့် ၃ဦးသေဆုံးကာ ၂ ဦးဒဏ်ရာရရှိခဲ့မှု  ဇူလိုင် ၁ ရက်ကဖြစ်ပွားခဲ့သည်။

အဆိုပါနေ့ နံနက် ၁၀ နာရီ ခွဲ အချိန် ခန့်တွင် ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်၊ ပိန်းချောင်းကျေးရွာနေ ဆန်းထွန်း(၄၁)နှစ်သည် အရက်ကြောင်၍ စိတ်ဖောက်ပြန်ကာ တစ်ရွာတည်းနေ ဒေါ်ဝဲစိန်၏နေအိမ်အောက်ထပ်၌ ဒေါ်ဝဲစိန်(၆၉)နှစ်၊၎င်း၏သား အောင်မျိုးထွန်း (၂၉)နှစ်နှင့် ဒေါ်မြကြည်(၄၉)နှစ်တို့ကို ဓားဖြင့်ထိုးခဲ့သည်။

ထို့နောက်ဒေါ်မြကြည်ဆိုသူ၏ နေအိမ်ရှေ့လမ်းပေါ်၌ မမြသ ဉ္ဇာလှိုင်(၁၇)နှစ်ကို လည်း ဓားဖြင့်ထိုးခဲ့သည်။

ဒေါ်ဝဲစိန် ပါ (၄)ဦးတို့တွင် ဝမ်းဗိုက် ဝဲ/ယာ ထိုးသွင်းဒဏ်ရာတစ်ချက်စီ ရရှိခဲ့သည်။

ထို့နောက် ဆန်းထွန်းသည် ရွာလမ်းမကြီး အတိုင်းထွက်ခွာ၍ ကျေးရွာစာကြည့်တိုက်အနီး၌ မိမိကိုယ်ကို ဓားဖြင့်ထိုးခဲ့ရာ ဝမ်းဗိုက် အူထွက် ထိုးသွင်းဒဏ်ရာတစ်ချက်(စိုးရိမ်ရ)ရရှိခဲ့သဖြင့် ဆန်းထွန်း ပါ(၅)ဦး တို့ကို ဆေးရုံသို့ပို့ခဲ့စဉ် မမြသ ဉ္ဇာလှိုင်၊ ဒေါ်ဝဲစိန်နှင့် ဒေါ်မြကြည် တို့မှာ သေဆုံးခဲ့သည် ။

သက်ဆိုင်ရာက ပြစ်မှုကျူးလွန်စဉ်အသုံးပြုသည့်အရိုးအသွား ၁၁ လက်မခန့်ရှိ ဓားမြှောင်ကိုသိမ်းဆည်းကာ လောင်းရှည်နယ်မြေရဲစန်း(ပ)၁၃/၁၈၊ ရာဇသတ်ကြီးပုဒ်မ၃၀၂/၄၅၂/၃၂၆/ ၃၀၉ အရ အမှုဖွင့်အရေးယူထားသည်။