စဉ့်ကူးမြို့နယ်တွင် ယာဉ်တိုက်စဉ် လူသေဆုံးမှုဖြစ်ပွားခဲ့သည့်ယာဉ်ပေါ်မှ ကျောက်စိမ်းတုံးနှင့် သစ်များကို သက်ဆိုင်ရာက သိမ်းဆည်းခဲ့ပြီး အမှုဖွင့် အရေးယူထားကြောင်း စဉ့်ကူးမြို့မရဲစခန်းမှ သိရသည်။
စဉ့်ကူးမြို့နယ် မန္တလေး-မိုးကုတ်ကားလမ်း မိုင်တိုင်(၄၆/၅-၆)ကြား မိုးကုတ်မှ မန္တလေးသို့ ယာဉ်မောင်း နိုင်ဝင်းထွန်း(၂၈)နှစ်မောင်းနှင်ပြီး လှိုင်မင်းသန့်(၃၀)နှစ် ပါ ခရီးသည် ၁၁ ဦး လိုက်ပါလာသည့် ဖားကန့်-မန္တလေးသွား စူပါကာစတန် ခရီးသည်တင်ယာဉ်သည် ဇူလိုင် ၂ ရက် နံနက် ၅ နာရီ အချိန်ခန့်တွင် လမ်းယာဘက်၌ ရပ်ထားသည့် သရီးကရောင်းယာဉ်(စုံစမ်းဆဲ)၏ နောက်ပိုင်းကို ဝင်ရောက်တိုက်မိခဲ့သည်။ ယာဉ်တိုက်မှုကြောင့် စူပါကာစတန်ယာဉ်ပေါ်လိုက်ပါလာသူ အမျိုးသား ၃ ဦးသေဆုံးခဲ့ပြီး ၂ ဦးဒဏ်ရာရရှိခဲ့သောကြောင့် လက်ပန်လှရဲကင်းစခန်းက ယာဉ်(ပ)၃၄/ ၂၀၁၈၊ရာဇသတ်ကြီးပုဒ်မ၃၀၄-က/၃၃၈/၃၃၇အရ အမှုဖွင့် အရေးယူခဲ့သည်။
အဆိုပါ ဝင်ရောက်တိုက်မိခဲ့သည့် စူပါကာစတန်ယာဉ်အတွင်း သက်ဆိုင်ရာက စစ်ဆေးခဲ့ရာ ယာဉ်ပေါ်တွင် ကျောက်စိမ်း ၃၆ တုံး၊ ကျောက်စိမ်း အပိုင်းအစ ၁၅၀ ခုထည့်ထားသည့် ပလပ်စတစ်ဘူး ၁ ဘူး၊ စုစုပေါင်းအလေးချိန် ၄၃ ပိဿာ ၇၅ ကျပ်သား(တန်ဖိုး-စိစစ်ဆဲ)ကို သက်ဆိုင်ရာက ထပ်မံသိမ်းဆည်းရမိခဲ့သောကြောင့် ယာဉ်မောင်း နိုင်ဝင်းထွန်း ကို လက်ပံလှရဲကင်းစခန်းက (ပ)၁၄၅/၁၈၊ ကျောက်မျက် ဥပဒေပုဒ်မ ၄၂(က)အရ ဆက်လက်အမှုဖွင့် အရေးယူခဲ့သည်။
စူပါကာစတန်ယာဉ်မှ ဝင်ရောက်တိုက်မိခဲ့သည့် ယာဉ်မောင်း(စုံစမ်းဆဲ)မောင်းနှင်လာသည့် သရီးကရောင်းယာဉ်ပေါ်မှ ကျွန်းခွဲသား ၃ ဒသမ ၁၃၇၄ တန်၊ ပျဉ်းကတိုးခွဲသား ၂ ဒသမ ၅၆၄၀ တန်၊ အင်ကြင်းခွဲသား ၁ ဒသမ ၃၃၄၀ တန် စုစုပေါင်း ၇ ဒသမ ဝ၃၅၄ တန်ကို ပိုင်ရှင်မဲ့သိမ်းဆည်းရမိခဲ့သောကြောင့် လက်ပံလှ ရဲကင်းစခန်းက (ပ)၁၄၇/၁၈၊ ပပက ၆(၁) အရ အမှုဖွင့်ကာ သစ်ပိုင်ယာဉ်နှင့်ယာဉ်မောင်းတို့ကို စုံစမ်းလျက်ရှိသည်။

















