ကုန်တင်ယာဉ်က ရှေ့မှ ယာဉ်ကို ဝင်တိုက်ပြီး ယာဉ်မောင်းသေဆုံး

ကုန်တင်ယာဉ်က ရှေ့မှ ယာဉ်ကို ဝင်တိုက်ပြီး ယာဉ်မောင်းသေဆုံး

ပျဉ်းမနားမြို့ရှောင်လမ်းပေါ်တွင် ကြက်သွန်တင်ဆောင်လာသည့် ကုန်တင်ယာဉ်က ရှေ့မှ မောင်းနှင်သည့် အမျိုးအစား (စုံစမ်းဆဲ)ယာဉ်ကို ဝင်တိုက်မိခဲ့ပြီး ယာဉ်မောင်းသေဆုံးကာ ၂ ဦးဒဏ်ရာရရှိခဲ့မှု ယနေ့ ဇူလိုင် ၃ ရက်က ဖြစ်ပွားခဲ့ကြောင်း အခင်းဖြစ်နေရာသို့ သွားရောက်ကူညီခဲ့သည့် မွန်မြတ်သူ လူမှုကူညီရေးအသင်းမှ ကိုသန့်ဇော်လင်း(ခ)ကိုဟိန်း က ပြောသည်။

ယနေ့ နံနက်ခန့်မှန်းချိန် ၄ နာရီ ခွဲ အချိန်ခန့်တွင် တောင်သာမြို့အမှတ် ၃ ရပ်ကွက် နေ ကိုမင်း(ခ)ကိုမင်းဟိန်း (စိစစ်ဆဲ)ဆိုသူ မောင်းနှင်သည့် ကြက်သွန်နီများ တင်ဆောင်ထားသည့် အီဇူးဇူး ၆ ဘီးကုန်တင်ယာဉ်မှာ ပျဉ်းမနားမြို့ရှောင်လမ်း ကျီးအင်းရွာအနီးတွင် ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ 
" ဘာကားနဲ့ တိုက်မှန်းသူတို့ကိုယ် သူတို့မသိလိုက်ဘူး အိပ်ပျော်နေကြတယ်။ ယာဉ်မောင်း ကတော့ စတီယာရင်တိုင်နဲ့ညပ်ပြီးသေသွားတယ်။ ကျွန်တော်တို့ အသင်းကို အကူအညီတောင်းတာကြောင့် နံနက် ၆ နာရီလောက်မှာရောက်တယ်။ ယာဉ်မောင်းရဲ့ အလောင်းက စတီယာရင်တိုင်နဲ့ညပ်နေတာကြောင့် အလောင်းကို ဆွဲထုတ်ပြီးတော့ ကုတင် ၁၀ဝ၀ ဆေးရုံကြီးရင်ခွဲရုံကို ပို့ဆောင်ကူညီပေးခဲ့တယ်။ ယာဉ်ရှေ့ခန်းမှာ ယာဉ်မောင်းနဲ့ စပယ်ယာကောင်လေး ၂ ယောက်ပါလာတယ်။ တစ်ယောက်က မေးရိုးရွဲ့ပြီး နောက်တစ်ယောက်က ခေါင်းကွဲသွားတယ်။ သူတို့ကိုတော့ ဆေးရုံမှာ ဆေးကုဖို့ ပို့လိုက်တယ်" ဟု ကိုသန့်ဇော်လင်း(ခ)ကိုဟိန်းက ပြောသည်။ 
အမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာက စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။