ကုလသမဂ္ဂ ဇူလိုင် ၃
ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ( အီးယူ) နှင့် နေတိုးအဖွဲ့တို့အပါအဝင် အလားတူအဖွဲ့အစည်းများ၏တည်ရှိမှု ခြိမ်းခြောက်ခံနေရပြီဖြစ်ကြောင်း အိုင်ယာလန်မွေး ရော့ခ်အဆိုတော်ဖြစ်သလို ပရဟိတသမားလည်းဖြစ်သည့် ဘိုနိုက ဇူလိုင် ၂ ရက်တွင် သတိပေးပြောဆိုလိုက်ပြီဖြစ်သည်။
၂၀၂၁-၂၂ အတွက် ကုလလုံခြုံရေးကောင်စီအဖွဲ့ဝင်ရွေးကောက်ပွဲတွင် အိ်ုင်ယာလန်ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ကြေညာသည့် အခမ်းအနားကို နယူးယောက်စီးတီးရှိ မက်ဒီဆင်စကွဲဂါးဒင်း၌ ဇူလိုင် ၂ ရက်တွင် ပြုလုပ်ခဲ့ရာ ဘိုနိုက တက်ရောက်လာသည့် သံတမန်ရာပေါင်းများစွာတို့အား အထက်ပါအတိုင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
ကမ္ဘာလုံးဆိုင်ရာအဖွဲ့အစည်းများကို ခြိမ်းခြောက်နေသည့် နိုင်ငံများကိုမူ ဘိုနိုက နာမည်ဖော်ထုတ်ပြောဆိုခြင်းမပြုခဲ့သော်လည်း အီးယူနှင့် နေတိုးတို့ကိုဝေဖန်သည့် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကို ရည်ညွှန်းပြောဆိုဟန်ရှိနေသည်။ ထရမ့်သည် ပါရီရာသီဥတုသဘောတူညီမှုမှ နုတ်ထွက်ခဲ့ပြီး ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့( ဒဗလျူတီအို)မှလည်း နုတ်ထွက်မည်ဖြစ်ကြောင်း ပြောဆိုခဲ့ပြီးဖြစ်သည်။
ကုလသမဂ္ဂကဲ့သို့ လူသားများတိုးတက်ရေးအတွက် အရေးပါသည့် အဖွဲ့အစည်းမျိုးကို အလိုအပ်ဆုံးအချိန်တွင် ယင်းအဖွဲ့များ၏တည်ရှိမှု ခြိမ်းခြောက်ခံနေရပြီဖြစ်ကြောင်း ဘိုနိုကပြောဆိုခဲ့သည်။ ကမ္ဘာလုံးဆိုင်ရာအဖွဲ့အစည်းများက ကိုယ်စားပြုသည့် နိုင်ငံတကာတန်ဖိုးနှုန်းစံများ၊ မျှဝေလက်ခံထားသည့် စည်းမျဉ်းများသာမက ယင်းအဖွဲ့အစည်းများရရှိခဲ့သည့် အောင်မြင်မှုများလည်း ခြိမ်းခြောက်ခံနေရပြီဖြစ်ကြောင်း ၎င်းက ပြောဆိုခဲ့သည်။
ကုလလုံခြုံရေးကောင်စီရှိ အနောက်နိုင်ငံများအတွက် ရည်ရွယ်သော အဖွဲ့ဝင်နှစ်နေရာအတွက် အိုင်ယာလန်၊ နော်ဝေနှင့်ကနေဒါတို့ ယှဉ်ပြိင်ကြမည်ဖြစ်သည်။နှစ်နှစ်သက်တမ်းရှိသည့် ယင်းအဖွဲ့ဝင်နေရာအတွက် ရွေးကောက်ပွဲကို ၂၀၂၀ ပြည့်နှစ် ဇွန်တွင် ပြုလုပ်မည်ဖြစ်သည်။ အိုင်ယာလန်သည် ကိုလိုနီပြုကျင့်ခံရခြင်း၊ လက်နက်ကိုင်ပဋိပက္ခများ၊ အငတ်ဘေး၊ အစုလိုက်အပြုံလိုက်ရွှေ့ပြောင်းနေထိုင်ခြင်းတို့နှင့် ကြုံခဲ့ရသောကြောင့် ကမ္ဘာတစ်ဝန်းရှိ ယင်းပြဿနာများကို ကောင်းစွာနားလည်ပါကြောင်း ဘိုနိုကပြောဆိုခဲ့သည်။

















