အမေရိကန်နိုင်ငံခြားရေးဝန်ကြီးပွမ်ပီယို ပြုံယမ်းသို့ ထပ်သွားမည် နျူကလီးယားဖျက်သိမ်းရေး တစ်နှစ်အတွင်း ဖြစ်နိုင်ခြေနည်းပါးဟုဆို

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးပွမ်ပီယို ပြုံယမ်းသို့ ထပ်သွားမည် နျူကလီးယားဖျက်သိမ်းရေး တစ်နှစ်အတွင်း ဖြစ်နိုင်ခြေနည်းပါးဟုဆို

ဝါရှင်တန်    ဇူလိုင် ၃
    အမေရိကန်နိုင်ငံခြားရေးဝန်ကြီးမိုက်ပွမ်ပီယိုသည် ဇူလိုင် ၆ ရက်၌ ပြုံယမ်းသို့ရောက်ရှိလျက် မြောက်ကိုရီးယား အာဏာပိုင်များနှင့် ထပ်မံဆွေးနွေးမည်ဖြစ်ရာ သမ္မတထရမ့်အစိုးရ၏ မြောက်ကိုရီးယားနျူကလီးယားနှင့်ဒုံးကျည်များ တစ်နှစ်အတွင်းဖျက်သိမ်းရေးသည် လက်တွေ့မကျဘဲ စွန့်စားမှုများပြားသည်ဟု ကျွမ်းကျင်သူများက သုံးသပ်ကြသည်။

    မိုက်ပွမ်ပီယိုသည် ပြုံယမ်းသို့ သုံးလအတွင်း တတိယအကြိမ် သွားရောက်မည်ဖြစ်သည်။ ဇူလိုင် ၆ ရက်ခရီးစဉ်သည် ဇွန် ၁၂ ရက်က သမ္မတထရမ့်နှင့် ကင်ဂျုံအွန် ထိပ်သီးတွေ့ဆုံပွဲအပြီး မြောက်ကိုရီးယားသို့ ပထမဆုံးရောက်ရှိမည့် အမေရိကန် ထိပ်တန်းအရာရှိဖြစ်သည်။
    မြောက်ကိုရီးယား၏ နျူကလီးယားခြိမ်းခြောက်မှု နောက်ထပ်မရှိတော့ဟု သမ္မတထရမ့်၏ ထုတ်ပြန်ချက်နောက်တွင် နျူကင်းစင်မှု မည်ကဲ့သို့ဖြစ်ပေါ်လာမည်နည်းဟု မေးခွန်းများ ပေါ်ပေါက်လာခဲ့သည်။ မိုက်ပွမ်ပီယိုက အမေရိကန်သည် လာမည့် ၂ နှစ်အတွင်း ပြုံယမ်း၏ အဓိကနျူလက်နက်များဖယ်ရှားရေး လုပ်ဆောင်ရန်မျှော်လင့်ကြောင်း လွန်ခဲ့သည့် ၃ ပတ်က ပြောဆိုခဲ့သည်။ သို့သော် ဇူလိုင် ၁ ရက်၌ အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် ဂျွန်ဘိုလ်တန်က တစ်နှစ်အတွင်း နျူနှင့်ဒုံးကျည်ဖျက်သိမ်းရေး အမေရိကန်၏အစီအစဉ်ကို မိုက်ပွမ်ပီယို သွားရောက်ဆွေးနွေးမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
    အမေရိကန်၏အစီအစဉ်ကို မြောက်ကိုရီးယားက အပြည့်အဝ ပူးပေါင်းဆောင်ရွက်ရန် သဘောတူလျှင်ပင် ပမာဏများပြားသည့်လက်နက်များကို အစုလိုက်အပြုံလိုက် ဖျက်ဆီးရေးနှင့် ယင်းလက်နက်အုပ်စုများအားလုံး ခြုံငုံမိအောင် ဖျက်ဆီးရေးသည် ရှုပ်ထွေးပြီး အချိန်များစွာကြာမြင့်နိုင်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ကြသည်။ အမေရိကန်သည် ပြုံယမ်းထံမှ ၄င်း၏နျူကလီးယားစီမံကိန်းအားလုံး၊ စမ်းသပ်စခန်းနှင့် ယူရေနီယမ် ပလူတိုနီယမ်များအပါအဝင် ကိရိယာအားလုံးတို့၏စာရင်း ရရှိရန်လိုအပ်ကြောင်း ကျွမ်းကျင်သူအချို့ကပြောသည်။ နျူလက်နက်များဖျက်ဆီးမှုကို မြောက်ကိုရီးယားနိုင်ငံတွင်း သို့မဟုတ် နိုင်ငံပြင်ပတစ်နေရာရာတွင် ပြုလုပ်ရန်ကိုလည်း သမ္မတထရမ့်နှင့် ကင်ဂျုံအွန်တို့ ဆုံးဖြတ်ကြရဦးမည်ဖြစ်ကြောင်းလည်း ပြောသည်။