တိုင်ပေ ဇူလိုင် ၃
ထိုင်ဝမ် (တရုတ်တိုင်ပေ) အခြေစိုက် စမတ်ဖုန်းကုမ္ပဏီကြီး HTC သည် အလုပ်နေရာ ၁၅၀ဝ လျှော့ချသွားမည်ဖြစ်ကြောင်း သိရသည်။ ထိုနှုန်းသည် HTC ၏ ကမ္ဘာတစ်ဝန်း လုပ်သားထု လေးပုံတစ်ပုံနှင့် ညီမျှသည်။
ယခုလို လုပ်သားထု လေးပုံတစ်ပုံ လျှော့ချခြင်းသည် ကုမ္ပဏီအတွင်း ရင်းမြစ်များကို စနစ်တကျ ပြန်လည်ဖွဲ့စည်းကာ ကျစ်လျစ်၍ စွမ်းရည်ထက်မြက်သည့် လုပ်ငန်းမျိုးဖြစ်အောင် ပြန်လည်အသက်သွင်းရန်ဖြစ်ကြောင်း ကုမ္ပဏီက ထုတ်ပြန်ပြောကြားသည်။ ထိုင်ဝမ် ကုမ္ပဏီ HTC သည် အက်ပ်ပဲလ်၊ ဆမ်ဆောင်း စသည့် အဓိက စမတ်ဖုန်းကုမ္ပဏီကြီးများနှင့် ယှဉ်ပြိုင်ပွဲတွင် အကျပ်ဆိုက်သော အနေအထားသို့ ရောက်ရှိနေသည်။ ယခုလို လုပ်သားထု လေးပုံ တစ်ပုံ လျှော့ချလိုက်ရခြင်းသည် တစ်ချိန်က အဓိက စမတ်ဖုန်းကုမ္ပဏီကြီးအဖြစ် ရပ်တည်ခဲ့သော HTC အဖို့ ဆက်လက်ရပ်တည်ရေး ရုန်းကန်နေရသည့် ပြယုဂ်လည်း ဖြစ်သည်။
ယခုလို လုပ်သားပမာဏ လျှော့ချလိုက်ခြင်းကြောင့် HTC လုပ်ငန်းများ ပိုရှင်းလင်း သွက်လက်စွာ လည်ပတ်နိုင်လာမည်ဖြစ်ကြောင်း ကုမ္ပဏီ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ပြီးခဲ့သည့်နှစ်က HTC နှင့် ဂူဂဲလ်တို့သည် ဒေါ်လာ ၁ ဒသမ ၁ ဘီလျံဖိုး ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ် ချုပ်ဆိုခဲ့သည်။ ထိုစာချုပ်ကို ကြည့်ခြင်းဖြင့် HTC သည် လုပ်ငန်းဆက်လက်လည်ပတ်ရန် ငွေကြေးလိုအပ်နေသည့် အနေအထားကိုလည်း တွေ့ရသည်။ သဘောတူစာချုပ်အရ HTC စမတ်ဖုန်း သုတေသနနှင့် ဖွံ့ဖြိုးရေးဌာနဝန်ထမ်းတစ်ဝက်ဖြစ်သော လူ ၂၀ဝ၀ ခန့်သည် ဂူဂဲလ်တွင် ပြောင်းရွှေ့လုပ်ကိုင်ရမည်ဖြစ်သည်။ HTC သည် ဂူဂဲလ်၏ ရောင်းအားကောင်းသော Pixel နှင့် Pixel XL ဖုန်းများကို ထုတ်လုပ်ပေးခဲ့သည့် ကုမ္ပဏီလည်း ဖြစ်သည်။
HTC က ထုတ်ပြန်ချက်အရ ယခုနှစ် ဧပြီလ ဝင်ငွေသည် ရှေ့နှစ် ဧပြီလ ဝင်ငွေနှင့်ယှဉ်လျှင် ၅၅ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း တွေ့ရသည်။

















