ဆစ်ဒနီ ဇူလိုင် ၃
၁၉၇၀ ပြည့်နှစ်များက သက်ငယ်လိင်အမြတ်ထုတ်မှုများကို ကူညီဖုံးဖိပေးခဲ့သော ဩစတြေးလျ ကတ်သလစ် ဘုန်းတော်ကြီးသည် အပြစ်ရှိကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ထောင်ဒဏ် ၁၂ လ ကျခံစေရန် တရားရုံးက စီရင်ချက် ချမှတ်လိုက်ကြောင်း သိရသည်။
အဒဲလိုင်ဒီ အာ့ဘစ်ရှော့ ဖိလစ် ဝီလ်ဆင်သည် သက်ငယ်လိင်အမြတ်ထုတ်မှုနှင့် ဆက်နွှယ်ကာ ပြစ်ဒဏ်ပေးခံရသည့် ကမ္ဘာတစ်ဝန်း အမြင့်ဆုံး ကတ်သလစ် ဘုန်းတော်ကြီးလည်း ဖြစ်သည်။ ပြီးခဲ့သည့် ၁၉၇၀ ပြည့်နှစ်များက နယူးဆောက်သ်ဝေးရှိ သက်ငယ်လိင်အမြတ်ထုတ်မှု ကျူးလွန်သည့် ဘုန်းတော်ကြီး ဂျိမ်းစ် ပတ်ထရစ် ဖလက်ချာ၏ ပြစ်မှုများကို သိရှိခဲ့သည့်တိုင် ဘုရားကျောင်းနာမည်ထိခိုက်မခံလို၍ ဖုံးဖိထားခဲ့ကြောင်း ပြီးခဲ့သည့်လက တရားရုံးက စစ်ဆေးတွေ့ရှိခဲ့သည်။ ဘုန်းတော်ကြီး ဝီလ်ဆင်ကို နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းထားရန် တရားရုံးက စီရင်ချက် ချမှတ်ထားပြီး အကျဉ်းထောင်တွင် သွားရောက်နေထိုင်ရခြင်းမှ ကင်းလွတ်ခွင့် ရကောင်းရသွားနိုင်ကြောင်းလည်း သိရသည်။ ပြစ်ဒဏ်ခြောက်လ ကျခံပြီးလျှင် လွတ်ငြိမ်းချမ်းသာခွင့် လျှောက်ထားနိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။
အပြစ်ရှိကြောင်း စစ်ဆေးတွေ့ရှိပြီးနောက် ဘုန်းတော်ကြီး ဝီလ်ဆင်၏ တာဝန်များကို ရုပ်သိမ်းလိုက်သော်လည်း အာ့ဘစ်ရှော့ ရာထူးမှ နုတ်ထွက်ရခြင်းမရှိကြောင်းလည်း တွေ့ရသည်။ အခင်းဖြစ်ပွားသည့် ၁၉၇၀ ပြည့်နှစ်များတစ်ဝိုက်တွင် ဝီလ်ဆင်သည် မစ်လန်းဒေသတွင် ဂျူနီယာ ဘုန်းတော်ကြီးဖြစ်ပြီး လုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်သည့် ဘုန်းတော်ကြီး ဂျိမ်းစ် ပတ်ထရစ် ဖလက်ချာက ဘုရားကျောင်းတော်တွင် ဝေယျာဝစ္စ ဆောင်ရွက်ပေးနေသည့် ကောင်လေးများကို လိင်အမြတ်ထုတ်နေခြင်းကို သိရှိသည့်တိုင် ဘုရားကျောင်း နာမည်ပျက်မခံလို၍ ဝီလ်ဆင်က ဖုံးဖိပေးထားခဲ့သည်။ ဖလက်ချာသည် သက်ငယ်လိင်အမြတ်ထုတ်မှု ၉ မှုဖြင့် ၂၀ဝ၄ ခုနှစ်တွင် ပြစ်မှုထင်ရှားခဲ့ပြီး နောက်နှစ်နှစ်အကြာတွင် ထောင်တွင်း၌ သေဆုံးခဲ့သည်။

















