ဝါရှင်တန် ဇူလိုင် ၃
ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ WTO မှ အမေရိကန်ပြည်ထောင်စုနုတ်ထွက်ရန် အစီအစဉ်မရှိကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ထပ်မံငြင်းဆိုခဲ့သော်လည်း WTO အနေဖြင့် လမ်းကြောင်းများပြောင်းလဲရန် လိုအပ်ကြောင်း ပြောဆိုခဲ့သည်။
နယ်သာလန်ဝန်ကြီးချုပ် မတ်ရူတီနှင့် ဇူလိုင် ၂ ရက်ကတွေ့ဆုံရာတွင် သမ္မတထရမ့်က ယင်းသို့ပြောဆိုခဲ့ခြင်း ဖြစ်သည်။ သမ္မတထရမ့်နှင့် နယ်သာလန်ဝန်ကြီးချုပ်တို့သည် လာမည့်အပတ်၌ ဘရပ်ဆဲလ်တွင်ကျင်းပမည့် နေတိုးအဖွဲ့ ထိပ်သီးစည်းဝေးပွဲအကြို ကုန်သွယ်ရေးနှင့် လုံခြုံရေးကိစ္စများ ဆွေးနွေးခဲ့သည်။
သမ္မတထရမ့််သည် အမေရိကန်မဟာမိတ်များနှင့် တရုတ်တို့၏ ပို့ကုန်များအပေါ် အမေရိကန်က အခွန်တိုးမြှင့် ကောက်ခံခဲ့ခြင်းကြောင့် ပြင်းထန်သည့်ဝေဖန်ပြစ်တင်မှုများအပေါ် တုံ့ပြန်တိုက်ခိုက်ပြောဆိုခဲ့သည်။ WTO မှ အမေရိကန် နုတ်ထွက်ရန် အစီအစဉ်ရှိမရှိ သတင်းထောက်များ၏မေးမြန်းမှုကို သမ္မတထရမ့်က WTO ၏ အမေရိကန်အပေါ် ခြိမ်းခြောက်မှုသည် အလွန်ဆိုးရွားကြောင်း၊ ၄င်းတို့၏နည်းလမ်းများပြောင်းလဲရန် မျှော်လင့်ကြောင်း ဖြေဆိုခဲ့သည်။
ယခုနုတ်ထွက်ရန် အစီအစဉ်မရှိကြောင်း၊ သို့သော် WTO က အမေရိကန်ကို သင့်တင့်လျောက်ပတ်စွာ မဆက်ဆံလျှင် မိမိတို့တစ်ခုခု ပြုလုပ်မည်ဖြစ်ကြောင်းလည်း ပြောဆိုခဲ့သည်။
ဥရောပသမဂ္ဂ၏အစိတ်အပိုင်းတစ်ခုဖြစ်သည့် နယ်သာလန်သည် မော်တော်ကားတင်ပို့မှုအခွန်အရေး သမ္မတထရမ့်နှင့် ဆွေးနွေးခဲ့သည်။ သမ္မတထရမ့်သည် ဥရောပနှင့် အခြားပြည်ပဈေးကွက်များမှတင်သွင်းသည့် ကားနှင့် ကားအစိတ်အပိုင်းများကို နောက်ထပ်အခွန်တိုးကောက်သင့်မသင့် လေ့လာရန် စီးပွားရေးဝန်ကြီးဌာနကို တာဝန်ပေးထားသည်။
ဝန်ကြီးချုပ် ရူတီနှင့်ဆွေးနွေးစဉ် ကုန်သွယ်ရေးသဘောတူညီချက်အချို့ရရှိရန် အလွန်နီးစပ်ခဲ့ကြောင်း၊ မိမိတို့ အခွန်ထမ်းပြည်သူများ၊ အလုပ်သမားများ၊ လယ်သမားများအတွက် မျှတသည့် ကုန်သွယ်ရေးသဘောတူညီမှုများ ရရှိရန် ကြိုးပမ်းခဲ့ကြောင်း၊ ဆက်လက်၍ အီးယူနှင့် ကုန်သွယ်ရေးကိစ္စဆွေးနွေးသွားမည်ဖြစ်ကြောင်း သမ္မတထရမ့်က ပြောဆိုခဲ့သည်။
နေတိုးအဖွဲ့အစည်းအဝေးသို့ တက်ရောက်မည်ဖြစ်သော သမ္မတထရမ့်သည် အဖွဲ့ဝင်နိုင်ငံများကို ကာကွယ်ရေးစရိတ် တိုးမြှင့်သုံးစွဲရန်လည်း ယခုရက်ပိုင်းအတွင်း ပြောဆိုခဲ့သည်။

















