အမျိုးသားမှ အမျိုးသမီးလိင်ပြောင်းထားသူများကို ဂျပန်အမျိုးသမီးတက္ကသိုလ်တစ်ခု လက်ခံတော့မည်

အမျိုးသားမှ အမျိုးသမီးလိင်ပြောင်းထားသူများကို ဂျပန်အမျိုးသမီးတက္ကသိုလ်တစ်ခု လက်ခံတော့မည်

တိုကျို ဇူလိုင် ၃
မွေးဖွားချိန်တွင် အမျိုးသားဖြစ်ခဲ့သော်လည်း နောက်ပိုင်းတွင် အမျိုးသမီးအဖြစ် အင်္ဂါခွဲစိတ်ပြောင်းလဲခဲ့သည့် လိင်ပြောင်းများကို ၂၀၂၀ ပြည့်နှစ်မှစ၍ လက်ခံမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံရှိ အမျိုးသမီးတက္ကသိုလ်တစ်ခုက ဇူလိုင် ၂ ရက်တွင် ထုတ်ပြန်လိုက်ပြီဖြစ်သည်။

တိုကျိုရှိ အိုချာနိုမီဇူးတက္ကသိုလ်၏ထုတ်ပြန်ချက်သည် မကြုံစဖူးထူးခြားပြီး ဂျပန်နိုင်ငံတွင်း ပထမဆုံးဖြစ်မဖြစ်ကို အတည်မပြုနိ်ုင်သော်လည်း  ဆုံးဖြတ်ချက်ကို ချီးကျူးပါကြောင်း ပညာရေးဝန်ကြီးဌာနမှ အရာရှိတစ်ဦးက ပြောဆိုခဲ့သည်။ တက္ကသိုလ်များသည် လိင်ပိုင်းအရလူနည်းစုဝင်များ၏လိုအပ်ချက်ကိုနားလည်အောင် လုပ်သင့်သော်လည်း တက္ကသိုလ်တစ်ခုချင်း၏ဆုံးဖြတ်ချက်နှင့်သာ သက်ဆိုင်ပါကြောင်း ၎င်းက ပြောဆိုခဲ့သည်။
    လိင်ပြောင်းများကိုလက်ခံမည့် မူဝါဒသည် ၂၀၂၀ ပြည့်နှစ်တွင် စတင်သက်ရောက်မည်ဖြစ်ပြီး အမျိုးသားအဖြစ် မွေးဖွားလာပြီး ကိုယ့်ကိုယ်ကိုယ်အမျိုးသမီးအဖြစ် သတ်မှတ်ထားသူများ ကျောင်းသူများအဖြစ် လျှောက်ထားနိုင်ကြောင်း တက္ကသိုလ်၏ပြောခွင့်ရှိသူကပြောဆိုခဲ့သည်။
    အိုချာနိုမီဇူးတက္ကသိုလ်ကို ၁၈၇၅ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ပြီး ဂျပန်နိုင်ငံ၌ အမျိုးသမီးများအတွက် အဆင့်မြင့်ပညာရေးဆိုင်ရာ ပထမဆုံးတက္ကသိုလ်လည်းဖြစ်သည်။ ဂျပန်နိုင်ငံရှိ အခြားပုဂ္ဂလိကတက္ကသိုလ်များသည်လည်း လိင်ပြောင်းများကိုလက်ခံရန် စဉ်းစားနေကြပြီဖြစ်သည်။
    လိင်ပြောင်းများကို လက်ခံမည့် မူဝါဒကိုအတည်ပြုရခြင်း၏နောက်ခံအကြောင်းအရင်းကို မကြာမီတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ရှင်းပြမည်ဖြစ်ကြောင်း တက္ကသိုလ်ကပြောဆိုခဲ့သည်။ ယောကျာ်းလျာ၊ မိန်းမလျာ၊ လိင်နှစ်မျိုးလုံးနှစ်သက်သူနှင့် လိင်ပြောင်း( အယ်လ်ဂျီဘီတီ)များ အနိုင်ကျင့်မခံရရေးအတွက် အားထုတ်လုပ်ဆောင်ပေးရန်၊ အယ်လ်ဂျီဘီတီများအတွက် အဝတ်လဲခန်းများထားရှိပေးရန်နှင့် ရွေးချယ်ထားသော လိင်အရကျောင်းဝတ်စုံကိုဝတ်ဆင်ခွင့်ပေးရန်အစရှိသည့် အချက်များပါဝင်သည့် ညွှန်ကြားချက်များကို ပညာရေးဝန်ကြီးဌာနက ၂၀၁၅ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည်။
    ဂျပန်နိုင်ငံရှိ လူ ၁၃ ဦးလျှင် တစ်ဦးသည် အယ်လ်ဂျီဘီတီအသိုင်းအဝိုင်းနှင့်ပတ်သက်မှုရှိနေကြောင်း ဂျပန်အယ်လ်ဂျီဘီတီသုတေသနအင်စတီကျု၏လေ့လာမှုအရ သိရသည်။