လော့စ်အိန်ဂျလိ ဇူလိုင် ၃
လိင်အမြတ်ထုတ်မှုပေါင်း များစွာဖြင့် စွပ်စွဲခံထားရသော ဟောလီးဝုဒ် ရုပ်ရှင်ထုတ်လုပ်သူ ဟာဗေး ဝိုင်းစတိန်းကို အမှုဖွင့်ထားသည့် အမျိုးသမီး အများအပြားအနက် တတိယမြောက် အမျိုးသမီး၏ အမှုသည် ရုံးတင် တရားစွဲဆိုခွင့် ရရှိသွားပြီဖြစ်ကြောင်း သိရသည်။
၂၀ဝ၆ ခုနှစ်က ဖြစ်ပွားခဲ့မှု ဖြစ်စဉ်ဖြစ်သည်ဟု အစိုးရရှေ့နေများက ပြောသည်။ အသက် ၆၆ နှစ်အရွယ် ရုပ်ရှင်ထုတ်လုပ်သူ ဝိုင်းစတိန်းသည် စွဲချက်သုံးခုတွင် ပြစ်မှုထင်ရှားပါက ထောင်ဒဏ် တစ်သက်တစ်ကျွန်းထိ ကျခံရနိုင်ခြေ ရှိနေသည်။ ပြီးခဲ့သည့် မေလကလည်း မစ္စတာ ဝိုင်းစတိန်းသည် အမျိုးသမီးနှစ်ဦးကို အဓမ္မပြုကျင့်မှုဖြင့် စွဲချက်တင်ခံခဲ့ရပြီး ဖြစ်သည်။ မစ္စတာ ဝိုင်းစတိန်းကမူ တစ်ဖက်သား ဆန္ဒမပါဘဲ လိင်ကိစ္စ ရယူခြင်းမျိုးမရှိခဲ့ကြောင်း ၎င်း၏ ရှေ့နေမှတစ်ဆင့် တုံ့ပြန်ပြောကြားထားသည်။ စွဲချက်အသစ်များသည် ထောင်ဒဏ် ၁၀ နှစ်မှ တစ်သက်တစ်ကျွန်းထိ ချမှတ်နိုင်သော စွဲချက်များ ဖြစ်သည်။
"အခုလို စွဲချက်တင်နိုင်တာဟာ ကျူးလွန်ခံခဲ့ရတဲ့ အမျိုးသမီးတွေ သတ္တိရှိရှိနဲ့ ရှေ့တန်းကို ထွက်လာကြလို့ ဖြစ်ပါတယ်။ စုံစမ်းစစ်ဆေးမှုတွေ ဆက်လုပ်နေပါတယ်" ဟု မန်ဟတ်တန်ရှေ့နေ ဆိုင်းရပ်စ် ဗန်စီက ပြောသည်။
စွဲချက်တင်ခွင့် ရရှိသော အမျိုးသမီး သုံးဦးအနက် တစ်ဦးသည် လူစီယာ အီဗန်ဖြစ်ကြောင်း အမှုသည်၏ ခွင့်ပြုချက်ဖြင့် ရှေ့နေဖြစ်သူက ထုတ်ပြန်အသိပေးသည်။ လူစီယာ အီဗန်သည် ရုပ်ရှင်မင်းသမီးဟောင်းတစ်ဦးဖြစ်ပြီး ၂၀ဝ၄ ခုနှစ်က မစ္စတာ ဝိုင်းစတိန်းသည် ၎င်းကို လိင်အမြတ်ထုတ်ခဲ့ကြောင်းကို လူသိရှင်ကြား ထုတ်ဖော်ပြောကြားထားသူလည်း ဖြစ်သည်။
ရုပ်ရှင်ထုတ်လုပ်သူ ဟာဗေး ဝိုင်းစတိန်းကို လိင်အမြတ်ထုတ်မှုများဖြင့် အမျိုးသမီး ၇၀ ကျော်က စွပ်စွဲထားပြီး #MeToo လှုပ်ရှားမှု ပေါ်ပေါက်ခဲ့ကာ ကမ္ဘာတစ်ဝန်းတွင်ပါ သက်ရောက်ခဲ့ပြီး စီးပွားရေး၊ နိုင်ငံရေး၊ ဖျော်ဖြေရေး စသည့် ကဏ္ဍစုံတွင် အမျိုးသမီးများအား အမြတ်ထုတ်နေသူအများအပြား ဖော်ထုတ်စွပ်စွဲခံရကာ အရေးယူ အပြစ်ပေးနိုင်ခဲ့သည်။

















