ဂူတွင်းမှ ထိုင်းကျောင်းသားငယ်များ ကျန်းမာရေးတည်ငြိမ် ဘေးကင်းစွာ ကယ်ထုတ်နိုင်ရေး အချိန်ယူရမည်ဟုဆို

ဂူတွင်းမှ ထိုင်းကျောင်းသားငယ်များ ကျန်းမာရေးတည်ငြိမ် ဘေးကင်းစွာ ကယ်ထုတ်နိုင်ရေး အချိန်ယူရမည်ဟုဆို

ထိုင်းနိုင်ငံမြောက်ပိုင်းရှိ တစ်စိတ်တစ်ပိုင်းရေလွှမ်းမိုးနေသည့် ထမ့်လွမ် ဂူအတွင်းသို့ဝင်ရောက်ပြီး ပျောက်ဆုံးနေခဲ့ကာ ၁၀ ရက်အကြာ တွင် ကယ်ဆယ်ရေးသမားများက တွေ့ရှိခဲ့သည့် ကျောင်းသားငယ် ၁၂ ဦးနှင့် ၎င်းတို့၏ ဘောလုံးနည်းပြတို့၏ ကျန်းမာရေးအခြေအနေ မှာ တည်ငြိမ်နေပြီး ဂူတွင်းမှ ဘေးကင်းစွာကယ်ထုတ်နိုင်ရေး အချိန် များစွာ ယူရနိုင်ခြေရှိသည်။

တစ်ကမ္ဘာလုံး ရှုမြင်ခဲ့

၎င်းတို့ထံ ပရိုတိန်းအားမြှင့်အရည်၊ စားဖွယ်များနှင့် လိုအပ်သည့် ဆေးဝါးအချို့ ပေးပို့ထားခဲ့ကြောင်း၊ မည်သည့်အချိန်တွင် ၎င်းတို့ကို အိမ်ပြန်ပို့ပေးနိုင်မည်ကိုမူ မသိရှိသေးကြောင်း ထိုင်းအာဏာပိုင်တို့က ဇူလိုင် ၃ ရက်၌ ပြောဆိုခဲ့သည်။ ထိုင်းရေတပ်က ဇူလိုင် ၃ ရက် အစောပိုင်းတွင် ထုတ်ပြန်ခဲ့သည့် ဗီဒီယိုဖိုင်တွင် ၎င်းတို့၏ ဘောလုံး သင်းဝတ်စုံကိုဝတ်ဆင်ထားပြီး ဂူအတွင်း ရေမျက်နှာပြင်အနီး ခြောက် သွေ့သည့်အထက်ပိုင်း၌ ခိုကတ်ထိုင်နေကြသည့် ကလေးများပုံကို တစ်ကမ္ဘာလုံး ရှုမြင်ခဲ့ကြရသည်။

ဆိုးရွားသည့်အခြေအနေမဟုတ်

ကယ်ဆယ်ရေးတွင် နိုင်ငံတကာအကူအညီနှင့် ကျွမ်းကျင်မှုများ ကိုလက်ခံခဲ့ပြီး ကလေးများအား ထိုင်းရေတပ် အထူးအဖွဲ့နှင့်အတူ ရှာဖွေနေသည့် ဗြိတိန်ရေငုပ်သမားနှစ်ဦးက ပထမဆုံးတွေ့ရှိခဲ့ခြင်း ဖြစ်သည်။ အချို့ကလေးများမှာ ဒဏ်ရာရရှိနေသော်လည်း ဆိုးရွားသည့် အခြေအနေမဟုတ်ကြောင်း ချင်းရိုင်ပြည်နယ်အုပ်ချုပ်ရေးမှူးက ရှင်းပြခဲ့သည်။

စိန်ခေါ်မှုများရှိ

ကမ္ဘာတစ်လွှားမှ ဂူတွင်းကယ်ဆယ်ရေးကျွမ်းကျင်သူများလည်း ထမ့်လွမ်ဂူဝန်းကျင်တွင် စုဝေးရောက်ရှိနေကြသည်။ ၎င်းတို့မှာ သြစတြေးလျ၊ အမေရိကန်၊ ဗြိတိန်၊ တရုတ်၊ ဂျပန်၊ လာအိုနှင့် မြန်မာ နိုင်ငံတို့မှ ကျွမ်းကျင်သူများနှင့် စေတနာ့ဝန်ထမ်းလုပ်အားပေးများဖြစ် ကြသည်။ လုံခြုံရေးအပါအဝင် ဂူတွင်းဂူပြင် ပတ်ဝန်းကျင်ရေးရာ စိန်ခေါ်မှုများလည်းရှိနေကြောင်း ကျွမ်းကျင်သူအချို့က ပြောဆိုကြသည်။

အချိန်ယူ

ယခုအခါ အသက်ရှင်လျက် ပြန်တွေ့ခဲ့ပြီး ထမ့်လွမ်ဂူအဝမှ ၄ ကီလိုမီတာ(၂ ဒသမ ၅ မိုင်)အကွာ အတွင်းပိုင်းတွင် ရောက်ရှိနေ သည့် ၎င်းတို့ ၁၃ ဦးကို ဂူတွင်းမှ ဘေးကင်းစွာကယ်ထုတ်နိုင်ရေး သည် စိန်ခေါ်မှုတစ်ခုဖြစ်လာသည်။ ၎င်းတို့အား အလျင်အမြန် ရေငုပ် သင်ပေးရမည်လော သို့မဟုတ် အပြင်ထွက်နိုင်အောင် ဂူတွင်း ရေလွှမ်း မိုးမှုကို လျှော့ချနိုင်သည်အထိ လများစွာ အချိန်ယူစောင့်ဆိုင်းရမည် လောဟု ထိုင်းစစ်ဘက်က ဆုံးဖြတ်ရမည်ဖြစ်သည်။

တယ်လီဖုန်းလိုင်းတပ်ဆင်

လက်ရှိမှာပင် ကယ်ဆယ်ရေးသမားများ သည် ရေမျက်နှာပြင်မြင့် တက်လာခြင်းနှင့်အတူ ကလေးများထံ ကယ်ဆယ်ရေးပစ္စည်းများ ပိုမို ရောက်ရှိရေး တိုက်ပွဲဝင်နေရသည်။ ရိက္ခာများ ဂူတွင်းရောက်ရှိအောင် ပို့ဆောင်လျက်ကြောင်း စစ်ဘက်က ပြောဆိုသည်။ ကလေးများနှင့် မိဘများ ဆက်သွယ်ပြောဆိုနိုင်ရန် တယ်လီဖုန်းလိုင်းနှင့် ဓာတ်အား လိုင်းများကိုလည်း ဂူတွင်း၌တပ်ဆင်ပေးထားသည်။

ပိတ်မိနေ

အသက် ၁၁ နှစ်မှ ၁၆ နှစ်အကြား ကျောင်းသားငယ် ၁၂ ဦးနှင့် ၎င်းတို့၏ဘောလုံးနည်းပြ ၂၅ နှစ်အရွယ် လူငယ်တို့သည် ဇွန် ၂၃ ရက်က ဂူတွင်းဝင်ရောက်ရာမှ ပျောက်ဆုံးနေခဲ့ခြင်းဖြစ်သည်။ ၎င်းတို့ ဂူတွင်း စတင်ဝင်ရောက်စဉ်က ခြောက်သွေ့နေပြီး လျင်မြန်စွာ မိုးရွာ သွန်း၍ ရေတက်လာခြင်းကြောင့် ပိတ်မိနေခဲ့ကြောင်း ယူဆရသည်။

ရေလွှမ်းလေ့ရှိ

ထမ့်လွမ်ဂူသည် အနည်းဆုံး စက်တင်ဘာ သို့မဟုတ် အောက်တို ဘာလကုန်ဆုံးမည့် မိုးရာသီတွင် ပုံမှန်ရေလွှမ်းမိုးလေ့ရှိသည်။ ကလေး များကို အမြန်ကယ်တင်လိုက အခြေခံ ရေငုပ်သင်တန်းပေးရမည် ဖြစ်သည်။ သို့သော် ရွှံ့ညွန်ထူထပ်ခြင်း၊ ရေအောက်တွင် မြင်နိုင်စွမ်း လုံးဝမရှိခြင်းတို့ကြောင့် အလွန်အန္တရာယ် များပြားနိုင်သည်။ ဂူတွင်း ရေမျက်နှာပြင် လျော့ကျရေး ရေစုပ်စက်များဖြင့် ကြိုးပမ်းမှုမှာလည်း များစွာကြာမြင့်ပြီး အောင်မြင်ဖွယ်ရာ မရှိပေ။