ပြန်လည်တွေ့ရှိသည့် ထိုင်းကျောင်းသားငယ်များကျန်းမာရေး တည်ငြိမ်၊ဂူတွင်းမှ ဘေးကင်းစွာ ကယ်ထုတ်နိုင်ရေး အချိန်များစွာ ယူရမည်

ပြန်လည်တွေ့ရှိသည့် ထိုင်းကျောင်းသားငယ်များကျန်းမာရေး တည်ငြိမ်၊ဂူတွင်းမှ ဘေးကင်းစွာ ကယ်ထုတ်နိုင်ရေး အချိန်များစွာ ယူရမည်

မယ်ဆိုင်    ဇူလိုင် ၃
    ထိုင်းနိုင်ငံမြောက်ပိုင်းရှိ တစ်စိတ်တစ်ပိုင်း ရေလွှမ်းမိုးနေသည့် ထမ့်လွမ်ဂူအတွင်း ဝင်ရောက် ပျောက်ဆုံးနေခဲ့ပြီး ၁၀ ရက်အကြာတွင် ကယ်ဆယ်ရေးသမားများက တွေ့ရှိခဲ့သည့် ကျောင်းသားငယ် ၁၂ ဦးနှင့် ၄င်းတို့၏ ဘောလုံးနည်းပြတို့၏ ကျန်းမာရေးအခြေအနေမှာ တည်ငြိမ်နေပြီး ဂူတွင်းမှ ဘေးကင်းစွာ ကယ်ထုတ်နိုင်ရေး အချိန်များစွာ ယူရနိုင်ခြေရှိသည်။

၄င်းတို့ထံ ပရိုတိန်းအားမြှင့်အရည် စားဖွယ်များနှင့် လိုအပ်သည့်ဆေးဝါးအချို့ ပေးပို့ထားခဲ့ကြောင်း၊ မည်သည့်အချိန်တွင် ၄င်းတို့ကို အိမ်ပြန်ပို့ပေးနိုင်မည်မူ မသိရှိသေးကြောင်း ထိုင်းအာဏာပိုင်တို့က ဇူလိုင် ၃ ရက်၌ ပြောဆိုခဲ့သည်။ ထိုင်းရေတပ်က ဇူလိုင် ၃ ရက်အစောပိုင်းတွင် ထုတ်ပြန်ခဲ့သည့် ဗွီဒီယိုဖိုင်တွင် ၄င်းတို့၏ ဘောလုံးသင်းဝတ်စုံဝတ်ဆင်ထားပြီး ဂူအတွင်း ရေမျက်နှာပြင်အနီး ခြောက်သွေ့သည့်အထက်ပိုင်း၌ ခိုကပ်ထိုင်နေကြသည့် ကလေးများပုံကို တစ်ကမ္ဘာလုံး ရှုမြင်ခဲ့ကြရသည်။


    ကယ်ဆယ်ရေးတွင် နိုင်ငံတကာအကူအညီနှင့် ကျွမ်းကျင်မှုများကို လက်ခံခဲ့ပြီး ကလေးများကို ထိုင်းရေတပ် အထူးအဖွဲ့နှင့်အတူ ရှာဖွေနေသည့် ဗြိတိန်ရေငုပ်သမားနှစ်ဦးက ပထမဆုံးတွေ့ရှိခဲ့ခြင်းဖြစ်သည်။ အချို့ကလေးများ ဒဏ်ရာရရှိနေသော်လည်း ဆိုးရွားသည့်အခြေအနေ မဟုတ်ကြောင်း ချင်းရိုင်ပြည်နယ်အုပ်ချုပ်ရေးမှူးက ရှင်းပြခဲ့သည်။

    ကမ္ဘာတစ်လွှားမှ ဂူတွင်းကယ်ဆယ်ရေးကျွမ်းကျင်သူများလည်း ထမ့်လွမ်ဂူဝန်းကျင်တွင် စုဝေးရောက်ရှိနေကြသည်။ သြစတြေးလျ၊ အမေရိကန်၊ ဗြိတိန်၊ တရုတ်၊ ဂျပန်၊ လာအိုနှင့် မြန်မာနိုင်ငံတို့မှ ကျွမ်းကျင်သူများနှင့် စေတနာ့ဝန်ထမ်း လုပ်အားပေးများ ဖြစ်ကြသည်။ လုံခြုံရေးအပါအဝင် ဂူတွင်းဂူပြင် ပတ်ဝန်းကျင်ရေးရာစိန်ခေါ်မှုလည်း ရှိနေကြောင်း ကျွမ်းကျင်သူအချို့ကပြောဆိုသည်။
    ယခုအခါ အသက်ရှင်လျက် ပြန်တွေ့ခဲ့ပြီး ထမ့်လွမ်ဂူအဝမှ ၄ ကီလိုမီတာ(၂ ဒသမ ၅ မိုင်)အကွာ အတွင်းပိုင်းတွင် ရောက်ရှိနေသည့် ၄င်းတို့ ၁၃ ဦးကို ဂူတွင်းမှ ဘေးကင်းစွာကယ်ထုတ်နိုင်ရေးသည် စိန်ခေါ်မှုတစ်ခု ဖြစ်လာသည်။ ၄င်းတို့အား အလျင်အမြန်ရေငုပ်သင်ပေးရမည်လော သို့မဟုတ် အပြင်ထွက်နိုင်အောင် ဂူတွင်း ရေလွှမ်းမိုးမှုကို လျှော့ချနိုင်သည်အထိ လများစွာ အချိန်ယူစောင်ဆိုင်းရမည်လော ထိုင်းစစ်ဘက်က ဆုံးဖြတ်ရမည်ဖြစ်သည်။


    လက်ရှိမှာပင် ကယ်ဆယ်ရေးသမားများသည် ရေမျက်နှာပြင်မြင့်တက်လာခြင်းနှင့်အတူ ကလေးများထံ ကယ်ဆယ်ရေးပစ္စည်းများ ပိုမိုရောက်ရှိရေး တိုက်ပွဲဝင်နေရသည်။ ရိက္ခာများ ဂူတွင်းရောက်ရှိအောင်ပို့ဆောင်လျက် အနည်းဆုံးလေးလခန့် စောင့်ဆိုင်းကောင်း စောင့်ဆိုင်းရဖွယ်ရှိကြောင်း စစ်ဘက်ကပြောဆိုသည်။ ကလေးများနှင့် မိဘများ ဆက်သွယ်ပြောဆိုနိုင်ရန် တယ်လီဖုန်းလိုင်းနှင့် ဓာတ်အားလိုင်းများလည်း ဂူတွင်း တပ်ဆင်ခဲ့သည်။ 
    အသက် ၁၁ နှစ်မှ ၁၆ နှစ်အကြား ကျောင်းသားငယ် ၁၂ ဦးနှင့် ၄င်းတို့၏ဘောလုံးနည်းပြ ၂၅ နှစ်ရွယ် လူငယ်တို့သည် ဇွန် ၂၃ ရက်က ဂူတွင်းဝင်ရောက်ရာမှ ပျောက်ဆုံးနေခဲ့ခြင်းဖြစ်သည်။ ၄င်းတို့ ဂူတွင်းစတင် ဝင်ရောက်စဉ်က ခြောက်သွေ့ခဲ့ပြီး လျင်မြန်စွာမိုးရွာသွန်း၍ ရေတက်လာခြင်းကြောင့် ပိတ်မိနေခဲ့ကြောင်း ယူဆရသည်။
    ထမ့်လွမ်ဂူသည် အနည်းဆုံး စက်တင်ဘာ သို့မဟုတ် အောက်တိုဘာကုန်ဆုံးမည့် မိုးရာသီတွင်း ပုံမှန်ရေလွွှမ်းမိုးလေ့ရှိသည်။ ကလေးများကို အမြန်ကယ်တင်လိုက အခြေခံရေငုပ်သင်တန်းပေးရမည်ဖြစ်သည်။ သို့သော် ရွှံ့နွံထူထပ်ခြင်း၊ ရေအောက်တွင် မြင်နိုင်စွမ်းလုံးဝမရှိခြင်းတို့ကြောင့် အလွန်အန္တရာယ်များပြားနိုင်သည်။ ဂူတွင်း ရေမျက်နှာပြင်လျော့ကျရေး ရေစုပ်စက်များဖြင့် ကြိုးပမ်းမှုမှာလည်း များစွာကြာမြင့်ပြီး အောင်မြင်ဖွယ်ရာ မရှိပေ။
    ထို့ကြောင့် သဘာဝအားဖြင့် ရေကျသည်အထိ စောင့်ဆိုင်းပါက ဂူတွင်းတွင် လချီကြာမြင့်အောင် 
ဆက်လက်နေထိုင်ရမည်ဖြစ်ကြောင်း သိရသည်။