သဘော့ကျွန်းရွာမှ လူသတ်မှုကို သက်ဆိုင်ရာက စုံစမ်း

သဘော့ကျွန်းရွာမှ လူသတ်မှုကို သက်ဆိုင်ရာက စုံစမ်း

ဘိုကလေးမြို့နယ်သဘော့ကျွန်းကျေးရွာတွင် အမျိုးသားတစ်ဦး ဒဏ်ရာများဖြင့် သေဆုံးနေမှုကို သက်ဆိုင်ရာက စုံစမ်းစစ်ဆေးလျက်ရှိကြောင်း ဇူလိုင် ၄ ရက်က ဘိုကလေးမြို့မရဲစခန်းမှ သိရသည်။ 

ဇူလိုင် ၃ ရက် နံနက် ၇ နာရီ အချိန်ခန့်တွင် ဘိုကလေးမြို့နယ် ညီနောင်ဝအုပ်စု သဘော့ ကျွန်း ကျေးရွာနေ ကိုထွန်းလင်းသည် ရွာထဲသို့ လမ်းလျှောက်လာစဉ် ရွာလမ်းရှိ ဦးမြင့်ဝေ နှင့် ဦးဝင်းလှိုင် တို့နေအိမ်ကြားတွင် အေးနိုင်ထွန်း(ခ)ကျင်ဝှက် မှာ ဒဏ် ရာများဖြင့်လဲကျသေဆုံးနေ သည်ကိုတွေ့ရ သဖြင့်သေဆုံးသူ၏ဇနီးဖြစ်သူကိုပြောပြကာ သက်ဆိုင်ရာသို့ ဆက်သွယ် အကြောင်းကြားခဲ့သည်။ 
ဘိုကလေးမြို့မစခန်းမှူး ဒုရဲမှူး တင်ထွဋ်နှင့်အဖွဲ့ဝင်များကသွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူ အေးနိုင်ထွန်း(ခ)ကျင်ဝှက်တွင် ဝဲမျက်ခုံးပေါက်ပြဲ၊ ဝဲဂျိုဇောင်း ပေါက်ပြဲဒဏ်ရာများရရှိကာ သေဆုံးနေသည်ကို တွေ့ရသဖြင့် ခင်ပွန်းဖြစ်သူကို သေဆုံးအောင်ပြုလုပ်သူကို အရေးယူပေးရန် ဇနီးဖြစ်သူ မသန်းမြ ကသက်ဆိုင်ရာသို့ အမှုဖွင့်တိုင်ကြားခဲ့သည်။ 
ဘိုကလေးမြို့မရဲစခန်းမှ (ပ)၂၉၆/၁၈ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ အရ အမှုဖွင့်ကာ ပြစ်မှုကျူးလွန်ပြီး ထွက်ပြေးတိမ်းရှောင်သူကို စုံစမ်းလျက်ရှိကြောင်း သိရသည်။