တာချီလိတ်မြို့တွင် ကားအရောင်းပြခန်းတစ်ခုအတွင်း ပစ်ခတ်မှုနှင့် မော်တော်ယာဉ်မောင်းနှင်သူတစ်ဦးတို့ကို သေနတ်ဖြင့် ပစ်ခတ်ကာ သေဆုံး အောင်ပြုလုပ်သူ ၆ ဦးကို ဖမ်းဆီးအရေးယူထားကြောင်း ဇူလိုင် ၄ ရက်နေ့တွင် သက်ဆိုင်ရာက သတင်းထုတ်ပြန်သည်။
သေနတ်ပစ်ခတ်မှုတို့မှ ကျူးလွန်သူ (၆)ဦးကို ဇူလိုင်လ (၃)ရက်နေ့ နံနက်(၁)နာရီဝန်းကျင်တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးရမိလိုက်ကြောင်းနှင့် ဖမ်းဆီးသည့် အဖွဲ့ဝင်တစ်ဦး ဒဏ်ရာရသွားကြောင်း သိရသည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များကတရားခံများရှိသည်ဟုသတင်းရသည့်ခြံဝင်းသို့ရောက်ရှိသွားချိန်တွင်တရားခံများက ခြံဝင်းမီးပိတ်ပစ်လိုက်ကြောင်း၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ချက်ချင်းနေရာယူ အကာအကွယ်ယူပြီးခြံဝင်းကို ပိတ်ဆို့လျက် ဖမ်းဆီးခဲ့ရာ တရားခံ (၅)ဦးကိုနေအိမ်အတွင်းမှ ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇူလိုင် ၂ရက်နေ့ ည ၇ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် တာချီလိတ်မြို့ အာခါဈေးလမ်း တွင်လူနှစ်ဦး မောင်းနှင်လိုက်ပါလာသည့်မော်တော်ကို လမ်းဘေးတွင်ရပ်နေသူတစ်ဦး ကသေနတ်ဖြင့်ပစ် ခတ် ထွက်ပြေးခဲ့ပြီး တစ်ဦးသေဆုံးခဲ့သည်။ ထိုသေဆုံးမှုနှင့်ပတ်သက်၍ တာချီလိတ်မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးမျိုးခိုင် အဖွဲ့ကစုံစမ်းစစ် ဆေးနေစဉ် အခင်းမဖြစ်မီက ပါဆတ်ရပ်ကွက်မှ ကားအရောင်းပြခန်း တစ်ခုကိုလည်း လမ်းပေါ် မှ သေနတ် ဖြင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိခဲ့သည်။
ကားအရောင်းပြခန်းကို ရဲတပ်ဖွဲ့က စစ်ဆေးနေစဉ် ဗိုလ်ချုပ်လမ်းမပေါ်တွင် ဆိုင်ကယ်စီးနင်းသူ နှစ်ဦး က သေနတ်(၃)ချက် မိုးပေါ်ထောင်ပစ်ထွက်ပြေးသွားကြောင်း သတင်းအရ ရဲတပ်ဖွဲ့က နောက်မှ လိုက်လံဖမ်းဆီးစဉ်ဟောင်လိတ်လမ်းဆုံမီးပွိုင့်အရောက် သေနတ်ကိုမိုးပေါ်ထောင် ကာ ၃ ချက် ထပ်မံပစ်ခတ်သွားခဲ့သည်။
အဆိုပါ သေနတ်ပစ်ခတ်မှုကျူးလွန်မှုကို ကူညီဆောင်ရွက်ဖမ်းဆီးပေးခဲ့သည့် ပြည့်သူစစ်အဖွဲ့ဝင် တစ်ဦးဒဏ်ရာရရှိခဲ့သည်။
ဖြစ်ပွားမှုများနှင့်ပတ်သက်၍ တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးစံသိန်းဦးစီးသည့် ပူးပေါင်းတပ်ဖွဲ့ ဝင်များနှင့်ပြည်သူ့စစ်တပ်ဖွဲ့ဝင်များက ပြစ်မှုကျူးလွန်သူများကိုစုံစမ်းခဲ့ရာ ဇူလိုင်လ(၃)ရက်နေ့ နံနက်တွင် ပဏ္ဏိတ (၃၁နှစ်)ဆိုသူကို စတင် ဖမ်းဆီးစစ်ဆေးခဲ့သည်။ ၄င်းကို စစ်ဆေးချက်အရ အမှုတွင်ပါဝင်သူ စိုင်းသိန်းကျော် (ခ)နှုတ်ခမ်းမွှေး(၄၀)နှစ် ၊ စိုင်းလှဝင်း (၂၀) နှစ်၊ စိုင်းရှဲန်မိန်း(၃၄)နှစ်၊ စိုင်းအောင်(ခ) စိုင်းဆန်းအောင် (၂၀)နှစ် နှင့်စိ်ုင်းအောင်ထူး (၄၅)နှစ် တို့ ကို ဖန်မင်ကျေးရွာအုပ်စု၊ ဧဒင်ကျေးရွာနေ စိုင်းသိန်းကျော် နေအိမ်မှ ဆက်လက်ဖမ်းဆီးခဲ့သည်။ ကားအရောင်းပြခန်းပစ်ခတ်မှုနှင့်ပတ်သက်၍စစ်ဆေးချက်အရ ၎င်း တို့က အဆိုပါ ကား အရောင်း ပြခန်းတွင် ကားတစ်စီးရောင်းထားပြီး ကားဖိုးငွေ တောင်းခံသည့် အခါတိုင်း ဖုန်းစက်ပိတ်ပစ်သဖြင့် ဆိုင်ပိတ်ချိန်တွင် သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းထွက်ဆိုခဲ့သည်။ ထိုသို့ ကားအရောင်းပြခန်းကို ပစ်ခတ် ထွက်ပြေးချိန်တွင် နောက်မှ ကားတစ်စီး လိုက်ပါလာသဖြင့် ကားပြခန်းပိုင်ရှင် ၏ တပည့်များလိုက်လာသည်ဟုယူဆကာ လမ်းဘေးအမှောင်ရိပ်တွင် သေနတ်ဖြင့် စောင့်နေပြီးကားဖြတ်သွားချိန်တွင် ပစ်ခတ်လိုက်ခြင်းဖြစ်သည် ဟု ကနဦးထွက်ဆိုချက်များ အရသိရ သည်။
သက်ဆိုင်ရာက စိုင်းသိန်းကျော် (ခ)နှုတ်ခမ်းမွှေး၏ နေအိမ်သို့ဝင်ရောက်ဖမ်းဆီးစဉ် ကျည် (၁၆) တောင့်ပါ ကျည်အိမ်တပ်လျက် K 1205549 နံပါတ်ပါ M 22 မောင်းပြန်ရိုင်ဖယ် တစ်လက်၊ ကျည် (၅)တောင့်ပါ ကျည်အိမ်တပ်လျက် CZ 6.35 အမျိုးအစား ပွိုင့် ၂၂ ပစ္စတိုသေနတ်တစ်လက်၊ 5.56 ကျည် (၂၆)တောင့်၊ အရိုး သွား(၁၀)လက်မ ခန့် ခေါက်ဓါး(၁)ချောင်း၊ ဆိုင်ကယ်တစ်စီး၊ အခင်းဖြစ် နေရာတွင် ကျည်ခွံ (၄)ခု၊ကား အရောင်းပြခန်းရှေ့မှ ကျည်ခွံ(၃)ခု၊ ဟောင်လိတ်မီးပွိုင့် လမ်းဆုံမှ ကျည်ခွံ(၃) ခုစုစုပေါင်း ကျည်ခွံ(၁၀)ခုတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှတ်တမ်းများအရ သိရသည်။


















