ကျပ် ၆ သိန်းခန့် အလှူငွေထည့်ထားသည့် အလှူခံပုံးခိုးယူခံရ

ကျပ် ၆ သိန်းခန့် အလှူငွေထည့်ထားသည့် အလှူခံပုံးခိုးယူခံရ

အလုံမြို့နယ် သာသနာ့ဗိမာန်တော်အတွင်းမှ ကျပ် ၆ သိန်းခန့် အလှူငွေများထည့်ထားသည့် အလှူခံပုံးခိုးယူခံရမှုကို သက်ဆိုင်ရာက ဇူလိုင် ၃ ရက်နေ့တွင် အမှုဖွင့် စုံစမ်းလျက်ရှိကြောင်း သိရသည်။ 

အဆိုပါနေ့ ည ၈ နာရီ အချိန်ခန့်က အလုံမြို့နယ် အောင်မင်္ဂလာဘုန်းကြီးကျောင်းတိုက်နေ ဦးသိန်း ထွန်းဦးက သက်ဆိုင်ရာသို့တိုင်ကြားရာတွင် ဇွန် ၂၉ ရက်နေ့ နံနက် ၄ နာရီ အချိန်ခန့်တွင် ကျောင်းဝင်းရှိ သာသနာ့ဗိမာန်အတွင်းအိပ်နေခဲ့ပြီး အပေါ့သွားရန်ထသွားစဉ် အိမ်သာအတွင်း အဝတ် အထည်များကို တွေ့ရှိခဲ့ကြောင်း သိရသည်။ 
ထို့နောက် ဗိမာန်အတွင်းပြန်ဝင်လာစဉ် ဘုရားရှေ့တွင်ထားရှိသည့် အလှူခံပုံးမှာ ပျောက်ဆုံး နေသည်ကို သတိထားမိသဖြင့် စာချကိုယ်တော် ၂ ပါးထံ သွားရောက်လျှောက်ထားခဲ့ပြီး ရပ်ကွက် အုပ်ချုပ်ရေးမှူးကို အကြောင်းကြားကာ ကျောင်းဝင်းအတွင်းလိုက်လံရှာဖွေခဲ့ကြောင်း သိရသည်။ အလှူခံပုံးနှင့်အတူ ဘုရားခန်းအတွင်းထားရှိသော ကျောပိုးအိတ်အတွင်းမှ ဘောင်းဘီ ၁ ထည်၊ ခါးပတ်တစ်ချောင်း တန်ဖိုး ၁၀ဝ၀ဝ ခန့်နှင့် အလှူခံပုံးအတွင်းမှ အလှူငွေကျပ် ၆ သိန်းခန့် ပျောက်ဆုံး နေသည်ကိုသိရသဖြင့် အရေးယူပေးရန် ဇူလိုင် ၃ ရက်က တိုင်ကြားခဲ့သည်။ အလုံမြို့မရဲစခန်းက (ပ)၂၄၀/၁၈ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၈၀/၂၉၅ အရ အမှုဖွင့် စုံစမ်း လျက်ရှိသည်။