မယ်ဆိုင် ဇူလိုင် ၄
မျက်နှာများ ပိန်ညော်ညော်ဖြစ်သော်လည်း အရယ်အပြုံးများ၊ အမည်ထုတ်ဖော်နှုတ်ဆက်မှုများနှင့်အတူ ထိုင်းမြောက်ပိုင်း ထမ့်လွမ်ဂူအတွင်းပိတ်မိခဲ့သည့် ထိုင်းကျောင်းသားငယ်များ၏ ဗွီဒီယိုဖိုင်တစ်ခုကို ထိုင်းအာဏာပိုင်များက ဇူလိုင် ၄ ရက်၌ ထပ်မံထုတ်ပြန်ခဲ့သည်။ ၄င်းတို့ကို ကယ်ဆယ်ရေးသမားများက ဇူလိုင် ၂ ရက်ညကတည်းက တွေ့ရှိခဲ့သော်လည်း မိုးသည်းထန်စွာ ရွာသွန်းနိုင်ခြေနှင့်အတူ ဂူတွင်းမှ ဘေးကင်းစွာကယ်ထုတ်ရေးမှာ ခက်ခဲနေဆဲဖြစ်သည်။
အနွေးဓာတ်ရစေသည့် သတ္တုလွှာပါငွေရောင်စောင်များ လွှမ်းခြုံထားသည့် ကျောင်းသားငယ် ၁၂ ဦးနှင့် ၄င်းတို့၏ဘောလုံးနည်းပြကို ထိုင်းနေဗွီဆီးလ်တပ်ဖွဲ့ဝင်များနှင့်အတူ မှောင်မိုက်သည့် ဂူတွင်းရှိနေပုံကို လျှပ်တစ်ပြက်မီးရောင်များအောက်တွင် မြင်ကြရသည်။
အသက် ၁၁ နှစ်မှ ၁၆ နှစ်ကြား ကျောင်းသားငယ် ၁၂ ဦးနှင့် ၂၅ နှစ်ရွယ် ဘောလုံးနည်းပြတို့သည် ဘောလုံးလေ့ကျင့်အပြီး ချင်းရိုင်ပြည်နယ်၊ ထမ့်လွမ်နန်နွန်ဂူအတွင်း ဇွန် ၂၃ ရက်က စူးစမ်းဝင်ရောက်ခဲ့ရာမှ ပျောက်ဆုံးခဲ့ခြင်း ဖြစ်သည်။ ဘောလုံးအသင်းသားများလည်းဖြစ်ကြသော ၄င်းတို့သည် မိုးသည်းထန်မှုကြောင့် ဂူတွင်း ရေကြီးရေလျှံရာမှ ပိတ်မိနေခဲ့ကြပြီး ကမ္ဘာတစ်ဝန်းက ကျွမ်းကျင်သူများပါ ရောက်ရှိခဲ့၍ ထိုင်းတို့နှင့်ပူးပေါင်းရှာဖွေခဲ့ကြသည်။
ဇူလိုင် ၂ ရက်ညနှောင်းပိုင်းတွင် ဗြိတိန်ရေငုပ်သမားတစ်ဦးက ကျောင်းသားငယ်များကို ပထမဆုံးတွေ့ရှိခဲ့ပြီး ၄င်းရိုက်ကူးခဲ့သည့်ဗွီဒီယိုကိုလည်း ထိုင်းရေတပ်က ထုတ်လွှင့်ခဲ့ပြီးဖြစ်သည်။ ရှာဖွေတွေ့ရှိခဲ့ပြီးနောက် ဆေးတပ်သား အပါအဝင် ထိုင်းနေဗွီဆီးလ်တပ်ဖွဲ့ဝင် ၇ ဦးသည် ကျောင်းသားငယ်များနှင့်အတူ နေထိုင်ခဲ့ကြသည်။ ပရိုတိန်းအားမြှင့် အချိုရည်များ သောက်သုံးကြရပြီဖြစ်သည့် ကျောင်းသားငယ်အများစု အခြေအနေတည်ငြိမ်ပြီး အနည်းအကျဉ်း ဒဏ်ရာရသူအချို့ကိုလည်း ကုသမှုပေးနိုင်ခဲ့သည်။
ကျောင်းသားငယ်များနှင့် မိဘဆွေမျိုးများ ဖုန်းဆက်သွယ်ပြောဆိုနိုင်ခဲ့ပြီး ဆက်သွယ်မှုပိုမိုကောင်းမွန်စေရန် အာဏာပိုင်များက ဂူတွင်း အင်တာနက်ကေဘယ်များ တပ်ဆင်ရေး ကြိုးပမ်းပေးနေကြသည်။ ကလေးမိဘတစ်ဦးက ၄င်း၏သားကို ပြန်ရှာတွေ့ရန် အခွင့်အလမ်း ၅၀ ရာခိုင်နှုန်းသာ ရှိသည်ဟု ထင်မြင်ခဲ့ကြောင်း၊ ယခုအခါ သားငယ်အတွက် ဘဝသစ်ရရှိနိုင်တော့မည်ဖြစ်ကြောင်း၊ နောက်ထပ်မူ ဂူအနီးနှင့် မြစ်ချောင်းအနီး စေလွှတ်တော့မည်မဟုတ်ကြောင်း ပြောဆိုခဲ့သည်။
ထိုင်းနေဗွီဆီးလ်တပ်မှူး ရေတပ်ဗိုလ်ချုပ် အာပါခွန် ယိုးခွန်ခေယွန်က လက်ရှိလုံခြုံနေသည့် ဂူတွင်းမှကလေးများ အမြန်ခေါ်ထုတ်မည် မဟုတ်ကြောင်း ဇူလိုင် ၃ ရက်က ပြောဆိုခဲ့သည်။ လက်ရှိ ဂူတွင်းရေလွှမ်းမိုးသည့်အခြေအနေအရ ကျောင်းသားငယ်များသည် အပြင်ရောက်ရန် ရေငုပ်ဖို့လိုအပ်ပြီး ယင်းသည်အလွန်အန္တရာယ်များပြားနိုင်ကြောင်း ကျွမ်းကျင်သူများက ပြောဆိုကြသည်။
ရေစုပ်စက်များဖြင့် ဂူတွင်းရေများစုပ်ထုတ်မှုကို ဆက်လက်ပြုလုပ်လျက်ရှိပြီး ယခုအပတ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းကြောင်း ခန့်မှန်းချက်ကြောင့် ကျောင်းသားငယ်များကို ကယ်ဆယ်သူများ ဝင်ရောက်ခဲ့သော ကျဉ်းမြောင်းရှုပ်ထွေးသည့် လမ်းကြောင်းများအတိုင်း ရေကူးရေငုပ်၍ ကြိုးပမ်းရန် ဖိအားပေးသကဲ့သို့ဖြစ်မည်ဟု ထိုင်းအရာရှိအချို့က ပြောဆိုခဲ့သည်။
ချင်းရိုင်ပြည်နယ်အုပ်ချုပ်ရေးမှူး နာရောင်ဆက်အိုဆာတာနာခွန်က ကျောင်းသားငယ်များသည် ရေငုပ်မျက်နှာဖုံးများ ဝတ်ဆင်၍အသက်ရှူပုံလေ့ကျင့်နေကြကြောင်း၊ ရာနှုန်းပြည့်ဘေးကင်းမှသာ လက်ရှိနေရာမှ ဆွဲခေါ်ရန် ကြိုးပမ်းကြမည် ဖြစ်ကြောင်း ဇူလိုင် ၄ ရက်၌ ပြောဆိုခဲ့သည်။ တောင်အခြားဘက်များမှ ဂူတွင်းဝင်ထွက်နိုင်သည့်လမ်းများရှိမရှိနှင့် ဂူတွင်းမှရေများ ပိုမိုလျင်မြန်စွာ စုတ်ထုတ်နိုင်သည့်နည်းလမ်းများကိုလည်း ထိုင်းအာဏာပိုင်များ စူးစမ်းနေကြသည်။
ဂူတွင်းကယ်ဆယ်ရေးကျွမ်းကျင်သူများက လက်ရှိနေရာသို့ ရိက္ခာများထောက်ပံ့လျက် ရေကျအောင် စောင်ဆိုင်းခြင်းက အလုံခြုံဆုံးနည်းလမ်းဖြစ်နိုင်ကြောင်း ပြောဆိုကြသည်။ ယင်းသည် လချီကြာမြင့်ဖွယ် ရှိသည်။ ကယ်ဆယ်ရေးတွင် ပါဝင်ခဲ့သည့် ဗြိတိန်ဂူတွင်းကယ်ဆယ်ရေးကောင်စီက ရေမျက်နှာပြင် နိမ့်ကျခဲ့သော်လည်း မည်သည့်ရေငုတ်ရန် ကြိုးပမ်းမှုမဆို ခက်ခဲနေဆဲဖြစ်ကာ ကျောင်းသားငယ်များနှင့် ၄င်းတို့နည်းပြအတွက် အန္တရာယ် ကြီးမားကြောင်း ပြောဆိုခဲ့သည်။
ဂူတွင်းမှလွတ်မြောက်ရန် စုစုပေါင်း တစ်ကီလိုမီတာ(မိုင်ဝက်)ခန့် ရေငုပ်ရန်လိုအပ်ပြီးယင်းသည် တစ်ဆက်တည်း မဟုတ်ကြောင်း၊ ကြာမြင့်ချိန် ၃ နာရီခန့်ရှိမည်ဖြစ်ကြောင်း၊ လမ်းကြောင်းမှာ ကျဉ်းမြောင်းပြီး မြင်နိုင်စွမ်းမှာလည်း သုညနီးပါးသာ ရှိကြောင်းလည်း ကျွမ်းကျင်သူများက ပြောဆိုခဲ့သည်။

















