အင်ဒိုနီးရှား ဖယ်ရီသင်္ဘောတိမ်းမှောက်၊ ခရီးသည် ၃၁ ဦး သေဆုံး

အင်ဒိုနီးရှား ဖယ်ရီသင်္ဘောတိမ်းမှောက်၊ ခရီးသည် ၃၁ ဦး သေဆုံး

ဂျကာတာ     ဇူလိုင် ၄ 
    အင်ဒိုနီးရှားနိုင်ငံတွင် ဇူလိုင် ၃ ရက် ညပိုင်းက ဖယ်ရီသင်္ဘော တိမ်းမှောက်ကာ အထဲတွင် ပိတ်မိနေသူများကို ဇူလိုင် ၄ ရက် နံနက်ပိုင်းတွင် အပြီးသတ် ကယ်ထုတ်နိုင်ခဲ့ပြီဖြစ်ပြီး သေဆုံးသူ ၃၁ ဦးရှိကာ၊ သုံးဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သိရသည်။ 

ယခုလို ဖယ်ရီသင်္ဘောနစ်မြုပ်မှုသည် ဇွန် ၁၈ ရက်က ဆူမားတြားကျွန်းပေါ်ရှိ မီးတောင်ရေအိုင်ချိုင့်ကြီးတစ်ခုတွင် သစ်သားကူးတို့လှေ နစ်မြုပ်မှုကြောင့် ပျောက်ဆုံးနေသည့် ၁၆၄ ဦးကို ရှာဖွေမှုများ တရားဝင် ရပ်ဆိုင်းလိုက်သည့် ရက်နှင့်လည်း တိုက်ဆိုင်လျက်ရှိသည်။ ယခုနောက်ဆုံး ဆူလာဝေသီ ဖယ်ရီသင်္ဘောသည် ခရီးသည် ၁၃၉ ဦး တင်ဆောင်လာပြီး ဇူလိုင် ၃ ရက်က လေထန်နေသည့် ပင်လယ်ပြင်တွင် တိမ်းမှောက်ခဲ့ခြင်း ဖြစ်သည်။ ခရီးသည်များ၏ အသက်ကို အတတ်နိုင်ဆုံး ကယ်ဆယ်နိုင်ရန်အတွက် သင်္ဘောကပ္ပတိန်သည် သင်္ဘောကို ကမ်းဘက်သို့ မောင်းတင်ခဲ့ရာ ကမ်းနှင့် မီတာ ၂၀ဝ - ၃၀ဝ ခန့်အကွာတွင် ကျောက်ဆောင်နှင့် တိုက်မိကာ တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။ သင်္ဘောသည် မှောက်ခုံဖြစ်သွားသောကြောင့် အတွင်း၌ ခရီးသည်များသည် ဇူလိုင် ၃ ရက် တစ်ညလုံး ပိတ်မိနေခဲ့ပြီး ဇူလိုင် ၄ ရက် နံနက်ပိုင်းတွင်မှ ကယ်ထုတ်နိုင်ခဲ့ကြောင်း အင်ဒိုနီးရှား ပင်လယ်ရေကြောင်း ပို့ဆောင်ရေးဌာန ညွှန်ကြားရေးမှူးချုပ် အာဂတ်စ် ပါနိုမိုက ပြောသည်။ လူမည်မျှ ကယ်ဆယ်နိုင်ခဲ့ကြောင်းကို စာရင်းအတိအကျ မပြောသော်လည်း သင်္ဘောပိုင်ရှင်နှင့် သင်္ဘောကပ္ပတိန်သည် သင်္ဘောကို နောက်ဆုံးမှ စွန့်ခွာကာ ခရီးသည်များ၏ အသက်ကို တာဝန်သိသိဖြင့် ကယ်ဆယ်စောင့်ရှောက်ခဲ့ကြကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ 
    တောင်ပိုင်း ဆူလာဝေသီ ဒေသ ရှာဖွေရေးနှင့် ကယ်ဆယ်ရေးဌာန အကြီးအကဲ အမီရူဒင်ကမူ သင်္ဘောပေါ်တွင် ခရီးသည်နှင့် သင်္ဘောဝန်ထမ်း ၁၆၄ ဦး ပါဝင်ပြီး ၁၃၀ အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့သည်ဟု ပြောသည်။ သင်္ဘောသည် ၁၅၉ ပေ ရှည်ကာ ဘတ်စ်ကားများ၊ ထရပ်ကားများနှင့် ကားငယ်များကိုလည်း တင်ဆောင်ကာ ဆူလာဝေသီကျွန်းမကြီး၏ တောင်ဘက် ဆီလာယာ ကျွန်းသို့ ဦးတည်ခုတ်မောင်းနေစဉ် တိမ်းမှောက်ခဲ့ခြင်း ဖြစ်သည်။