ဘိုဂိုတာ ဇူလိုင် ၄
ဗင်နီဇွဲလားသည် ဒေသတွင်းလုံခြုံရေးကို ခြိမ်းခြောက်လာသောကြောင့် အမေရိကန်ပြည်ထောင်စုသည် ယင်းနိုင်ငံကိုကျူးကျော်သင့်မသင့်နှင့်ပတ်သက်၍ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် ထိပ်တန်းအကြံပေးများအား ယမန်နှစ် သြဂုတ်တွင် မေးမြန်းခဲ့ကြောင်း အမည်မဖော်လိုသော အမေရိကန်ထိပ်တန်းအရာရှိတစ်ဦးက ဇူလိုင် ၃ ရက်တွင်ပြောဆိုခဲ့သည်။
ထရမ့်၏မေးမြန်းမှုကြောင့် အိမ်တော် အစည်းအဝေးတက်ရောက်ခဲ့သည့် ယင်းအချိန်က နိုင်ငံခြားရေးဝန်ကြီး ရက်စ်တီလာဆန်၊ ယင်းအချိန်က အမျိုးသားလုံခြုံရေးအကြံပေး အိပ်ချ်အာရ်မက်မာစတာတို့ အံ့သြခဲ့ရသည်။ တီလာဆန်နှင့် မက်မာစတာတို့ နုတ်ထွက်သွားပြီဖြစ်သည်။ ငါးမိနစ်သာကြာမြင့်သည့် အပြန်အလှန်ပြောဆိုမှုအတွင်း မက်မာစတာနှင့် အခြားထိပ်တန်းအကြံပေးများက စစ်ရေးကျူးကျော်မှုကြောင့် လက်တင်အမေရိကအစိုးရများ၏ထောက်ခံမှုရရှိအောင် ကြိုးပမ်းမှုများ အလဟဿဖြစ်သွားနိုင်ကြောင်း တစ်လှည့်စီရှင်းပြခဲ့သည်။
သို့သော် ၁၉၈၀ ပြည့်နှစ်များတွင် ပနားမားနှင့် ဂရီနာဒါတို့ကို ကျူးကျော်မှုများကဲ့သို့ ငြိမ်ဝပ်အောင် လုပ်ဆောင်မှုများကြောင့် အောင်မြင်မှုရရှိခဲ့ပုံများကို ထရမ့်က ထောက်ပြပြောဆိုခဲ့သည်။ နောက်တစ်နေ့ဖြစ်သည့် သြဂုတ် ၁၁ ရက်တွင်လည်း ထရမ့်က ဗင်နီဇွဲလားသမ္မတနီကိုလပ်စ်မာဒူရိုကို စစ်ရေးနည်းလမ်းဖြင့် ဖယ်ရှားရန်စဉ်းစားထားကြောင်း ပြောဆိုမှုကြောင့် မိတ်ဆွေနှင့်ရန်သူများ အံ့သြခဲ့ရသည်။
ယင်းနောက် သိပ်မကြာမီတွင် ထရမ့်သည် ကိုလံဘီယာသမ္မတ ဟွန်မယ်နူယယ်ဆန်တို့စ်နှင့် တွေ့ဆုံစဉ်တွင်လည်း ဗင်နီဇွဲလားကို စစ်ရေးအရကျူးကျော်သင့်မသင့်ကိုမေးမြန်းခဲ့ကြောင်း ကိုလံဘီယာအဆင့်မြင့်အရာရှိနှစ်ဦးက အတည်ပြုပြောဆိုခဲ့သည်။ ၂၀၁၇ ခုနှစ် စက်တင်ဘာတွင် ကုလသမဂ္ဂအထွေထွေညီလာခံ၏အစည်းအဝေးငယ်တစ်ခု၌ ထရမ့်သည် ဆန်တို့စ်အပါအဝင် လက်တင်အမေရိကနိုင်ငံလေးနိ်ုင်ငံမှ ခေါင်းဆောင်များနှင့် အဆိုပါကိစ္စကိုဆွေးနွေးခဲ့ရာ ယင်းခေါင်းဆောင်များက စစ်ရေးအရကျူးကျော်မှုကြောင့် ဆိုးကျိုးများသာရှိလာနိုင်ကြောင်း ပြောဆိုခဲ့သည်။
ထရမ့်၏အကြံပေးများက ဗင်နီဇွဲလားကိစ္စကိုဆွေးနွေးခြင်းမပြုရန် ပြောဆိုခဲ့သော်လည်း ညစာစားပွဲ၌ ထရမ့်က ဗင်နီဇွဲလားကို စစ်ရေးအရ ကျူးကျော်ရန်မသင့်သည်မှာ သေချာခြင်းရှိမရှိကို မဟာမိတ်ခေါင်းဆောင်လေးဦးကို မေးမြန်းခဲ့သည်။
အဆိုပါမှတ်ချက်များနှင့်ပတ်သက်၍ အိမ်ဖြူတော်က တစ်စုံတစ်ရာမှတ်ချက်ပေးခြင်းမရှိသေးချေ။ သို့သော် အမျိုးသားလုံခြုံရေးကောင်စီပြောခွင့်ရှိသူက ဗင်နီဇွဲလား၌ ဒီမိုကရေစီနှင့် တည်ငြိမ်မှုပြန်ရှိရေးအတွက် နည်းလမ်းမျိုးစုံကို စဉ်းစားထားကြောင်း ပြောဆိုခဲ့သည်။

















