ဆစ်ဒနီ ဇူလိုင် ၄
ဩစတြေးလျနိုင်ငံ အလယ်ပိုင်းရှိ အူလူရူတောင်ကို တက်ရင်း လမ်းတစ်ဝက်၌ ဂျပန် ခရီးသည်တစ်ဦး သေဆုံးသွားခဲ့ကြောင်း သိရသည်။
အသက် ၇၆ နှစ်အရွယ် အမျိုးသားသည် ဇူလိုင် ၃ ရက်က အူလူရူတောင်ပေါ်သို့ တက်စဉ် လမ်းတစ်ဝက်၌ ရုတ်တရက် လဲကျသေဆုံးသွားခြင်း ဖြစ်သည်။ သမားရိုးကျ သေဆုံးမှုသာဖြစ်ပြီး သံသယဖြစ်စရာ အနေအထားမျိုး မတွေ့ရကြောင်း ဩစတြေးလျ ရဲတပ်ဖွဲ့က ပြောသည်။ ၁၉၅၀ ပြည့်နှစ်များနောက်ပိုင်း အူလူရူတောင်ကို တက်ရင်း လူ ၃၇ ဦး သေဆုံးခဲ့ပြီး ဖြစ်သည်။ ၂၀၁၉ အောက်တိုဘာနောက်ပိုင်း အူလူရူတောင်ပေါ်သို့ လူတက်ခွင့် ပိတ်ပင်သွားတော့မည်ဖြစ်သည်။
ကျောက်တစ်လုံးတည်းဖြင့် တည်နေသော အူလူရူတောင်ကို ဩစတြေးလျ မူလတိုင်းရင်းသားများက အထွတ်အမြတ်နေရာတစ်ခုအဖြစ် သဘောထားသည်ဖြစ်သောကြောင့် ကမ္ဘာလှည့်ခရီးသည်များ အပျော်တမ်း တက်ရောက်နေခြင်းများကို ပိတ်ပင်ပေးရန် အူလူရူ-ကာတာ ဂျူတာ အမျိုးသားသဘာဝဥယျာဉ်အုပ်ချုပ်ရေးအဖွဲ့သို့ တင်ပြခဲ့ကြရာ အဖွဲ့က မဲခွဲပြီးနောက် ပိတ်ပင်ရန် အတည်ပြုခဲ့ခြင်း ဖြစ်သည်။
အူလူရူတောင်ပေါ်သို့ တက်ရန်ကြိုးပမ်းရင်း လူအများအပြား သေဆုံးကြရ၊ ဒဏ်ရာရကြသည်ကို တွေ့မြင်နေရသည့်အတွက် အထူးစိတ်မကောင်းဖြစ်ရကြောင်း၊ ကျွန်ုပ်တို့၏ မြေပေါ်တွင် ဧည့်သည်များ သေဆုံး၊ ဒဏ်ရာရ နေကြခြင်းမျိုး မဖြစ်စေလိုကြောင်းဖြင့် အမျိုးသားသဘာဝဥယျာဉ် အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အူလူရူတောင်ကို လူပေါင်း နှစ်သိန်းခွဲကျော် သွားရောက်လည်ပတ်ခဲ့ကြပြီးဖြစ်ကာ ယခင်က အေရာကျောက်တုံးကြီးဟုလည်း ခေါ်တွင်ခဲ့ကြသည်။ ၂၀၁၀ ပြည့်နှစ်ကလည်း နောက်ဆုံးအဖြစ် လူတစ်ယောက် တောင်တက်ရင်း အလားတူ သေဆုံးခဲ့ဖူးသည်။ ၂၀၁၁ မှ ၂၀၁၅ ခုနှစ်အကြား အူလူရူတောင်သို့ သွားရောက်လည်ပတ်သူများအနက် ၁၆ ရာခိုင်နှုန်းသည်သာ တောင်ထိပ်သို့ရောက်အောင် တက်နိုင်ခဲ့ကြကြောင်းလည်း သိရသည်။

















