၀န်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ် အပြစ်မရှိဟုငြင်းဆိုပြီး ရင်ဆိုင်ခုခံမည်ဟုတုံ့ပြန်

၀န်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ် အပြစ်မရှိဟုငြင်းဆိုပြီး ရင်ဆိုင်ခုခံမည်ဟုတုံ့ပြန်

နိုင်ငံပိုင်ရန်ပုံငွေများ ယုံကြည်အပ်နှံထားခြင်းကိုချိုးဖောက် မှု၊ အဂတိလိုက်စားမှုများဖြင့် ဇူလိုင် ၄ ရက်၌ စွဲချက်တင် ခံလိုက်ရသည့် မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်က စွဲချက်အားလုံးအတွက် ၎င်းတွင်အပြစ်မရှိဟု ငြင်းဆိုလိုက်ပြီး စစ်ဆေးစီရင်မှုကိုရင်ဆိုင်မည်ဖြစ်ကြောင်း တုံ့ပြန်လိုက်သည်။

 

အမိန့်ချ

ဇူလိုင် ၃ ရက်၌ဖမ်းဆီးခဲ့ပြီး ဇူလိုင် ၄ ရက်၌ ပထမဆုံး ရုံးထုတ်ရာတွင် နာဂျစ်က ယင်းသို့တုံ့ပြန်ခဲ့ခြင်းဖြစ်ပြီး အစိုးရ ရှေ့နေများက နာဂျစ်အတွက် အာမခံကြေးရင်းဂစ် ၄ သန်း (အမေရိကန်ဒေါ်လာ ၁ သန်း) သတ်မှတ်ရန် တောင်းဆိုခဲ့ သည်။ သို့သော် တရားသူကြီးက ရင်းဂစ် ၁ သန်း (ဒေါ်လာ ၂၅၀ဝ၀ဝ) သတ်မှတ်ခဲ့ပြီး နာဂျစ်၏ သံတမန်နိုင်ငံကူးလက်မှတ် နှစ်ခုကို ရုပ်သိမ်းရန်အမိန့်ချခဲ့သည်။

လူကုံထံတစ်ဦးဖြစ်ပြီး ဇိမ်ခံပစ္စည်းများကိုနှစ်သက်သူ နာဂျစ်သည် အနောက်တိုင်းဝတ်စုံဖြင့် အနီရောင်လည်စည်း စည်းကာ အေးချမ်းတည်ငြိမ်စွာဖြင့် အပြုံးမပျက်ဘဲ အစောင့် အကြပ်ထူထပ်စွာဖြင့် တရားရုံးသို့ရောက်ရှိခဲ့သည်။

နိုင်ငံပိုင်ရန်ပုံငွေ ၁ အမ်ဒီဘီ၏ ဌာနခွဲဟောင်းတစ်ခုဖြစ် သည့် အက်စ်အာရ်စီအင်တာနေရှင်နယ်က ကြားခံကုမ္ပဏီများမှ တစ်ဆင့် နာဂျစ်၏ဘဏ်ငွေစာရင်းထဲသို့ ရင်းဂစ် ၄၂ သန်း (ဒေါ်လာ ၁၀ ဒသမ ၆ သန်း) ကို လွှဲပြောင်းထည့်သွင်းခဲ့မှု သံသယဖြင့် နာဂျစ်ကိုဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံပိုင်ရန်ပုံ ငွေအလွဲသုံးစားလုပ်မှုစုံစမ်းစစ်ဆေးရေးအဖွဲ့က ထုတ်ပြန် ခဲ့ပြီးဖြစ်သည်။

ကင်းလွတ်ခွင့်ရနိုင်

နာဂျစ်သည် နိုင်ငံပိုင်ရန်ပုံငွေမှ ဒေါ်လာဘီလီယံပေါင်းစွာ အလွဲသုံးစားလုပ်မှုတွင် တစ်ခန်းတစ်ကဏ္ဍပါဝင်မှုဖြင့်လည်း တရားစွဲဆိုခံရမည်ဖြစ်သည်။ စွဲဆိုမှုတစ်ခုချင်းအတွက် အမြင့် ဆုံးထောင်ဒဏ် နှစ် ၂၀ အထိချမှတ်ခံရနိုင်သည်။ ပြစ်ဒဏ်တွင် ကြိမ်ဒဏ်ချမှတ်နိုင်သော်လည်း နာဂျစ်၏အသက်အရွယ်အရ ကင်းလွတ်ခွင့်ရနိုင်သည်။